ညောင်ဦး ၁၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ ကိုယ်လက်အင်္ဂါ မပြည်စုံသော ဘိုးဘွား မိသားစု ၁၅ စုတို့ကို ညောင်ဦးမြို့ ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသ အမှူးပြုသော ပရဟိတ အသင်းအဖွဲ့များမှ ယမန်နေ့ ညနေပိုင်းက ဆန်၊ စားနပ်ရိက္ခာနှင့် ငွေသားထောက်ပံ့ လှူဒါန်းခဲ့ကြောင်း ပရဟိတအသင်းဝင် ဦးဇော်ဇော်ထံမှ သိရသည်။
အဆိုပါ ပရဟိတအသင်းအဖွဲ့သည် ညောင်ဦးမြို့မှ ကိုယ်လက်အင်္ဂါမပြည့်စုံသော အဘိုးအဘွား အိမ်ထောင်စု (၅)စုနှင့် ပခုက္ကူမြို့ (၇)အိမ်တန်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးစခန်းမှ အဘိုးအဘွား အိမ်ထောင်စု(၁၀) စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၅) ပြည်၊ ဆီ (၁) ပိဿာ၊ ဆား (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ (၆၀) ကျပ်သား၊ ငပိတောင်းဘူး (၁)ဘူး၊ ဆပ်ပြာရည်(၁)ဘူး၊ ကြက်ဉအလုံး (၂၀)နှင့် ထောက်ပံ့ငွေကျပ် ၃၀၀၀ဝ ကျပ်စီ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းနိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်ရှိ စေတနာရှင် အလှူရှင်များက အွန်လိုင်းမှတစ်ဆင့် အလှူငွေများ ထည့်ဝင်လှူဒါန်းပြီး ဆရာတော် ဦးတေဇဝံသနှင့် တပည့် ဒါယိကာ၊ ဒါယိကာမများမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလအတွင်း အထောက်အပံ့ဖြစ်စေရန် စားဝတ်နေရေးအခက်အခဲရှိသော မိသားစုများအား ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသ မိန့်ကြားသည်။
ကျော်မင်းဦး(ရေနံချောင်း)


