၁၈  မေ

 

လူတစ်ယောက်ဖြစ်နေတဲ့အတွက် အလုပ်တစ်မျိုးမျိုးတော့ လုပ်နေရမှာပါပဲ။ တစ်မျိုးနှစ်မျိုးမက သုံးလေးမျိုးလည်း လုပ်ချင်လုပ်နေရမှာပါပဲ။ သုံးလေးမျိုးထက်ပိုပြီး အလုပ်တွေများနေသူတွေတောင် ရှိပါသေးတယ်။ ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့အတိုင်းပဲ လောကီနယ်မှာ ပျော်မွေ့သူများအတွက်ကတော့ ကိစ္စဝိစ္စတွေက တော်တော်ကို များပါတယ်။ စားရေးသောက်တာ၊ ရောင်းရေးဝယ်တာတွေအတွက် များပြားလှတဲ့အလုပ်တွေရှိနေသလိုပဲ လူမှုဆက်ဆံရေး နယ်ပယ်၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၊ မိမိအကျိုး၊ သူတစ်ပါးအကျိုး ဆောင်ရွက်ရတဲ့နယ်ပယ်တွေ အစခပ်သိမ်း အကုန်ပေါင်းကြည့် လိုက်ရင်တော့ တစ်နေ့တစ်နေ့ လုပ်ကိုင်ဆောင်ရွက်နေရတဲ့အလုပ်တွေက တော်တော်များပြားနေတယ်ဆိုတာကို တွေ့ရမှာပါ။

 

လုပ်တာဝန်မြောက်မြားစွာထဲမှာ ကိုယ်လုပ်ကိုင်သမျှ အရာတွေကြောင့် ကိုယ့်ပုံရိပ်က ဘယ်လိုပြောင်းလဲဖြစ်တည်လာ သလဲဆိုတာကတော့ သတိထားဆင်ခြင်ရမယ့် အရာတစ်ခု ဖြစ်လာပါတယ်။

 

တစ်ခါတစ်ခါကျတော့ ကိုယ်က အလုပ်တစ်ခုကို အလျင်အမြန် အပြီးသတ်ချင်နေတယ်။ တခြားအလုပ်တွေ လုပ်ရဦးမှာ ကလည်း အများကြီးကျန်သေးတာမို့ ဒီအလုပ်ကို မြန်မြန်ဖြတ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ဆုံးဖြတ်ချက်က ခိုင်မာသထက်ခိုင်မာလာတော့ ဒလတွန်းတွန်းလိုက်တယ်။ ကိုယ်တွန်းနေတာက ကိုယ့်တစ်ယောက်တည်းဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ရတာ မျိုးဆိုရင်တော့ သိပ်တွန်းလိုက်ပြန်ရင်လည်း အဖွဲ့ဝင်တွေ ဟပ်ထိုးလဲကုန်မှာစိုးရတယ်။ ကိုယ်တွန်းနေတဲ့အားနဲ့ သူတို့ ရွေ့နိုင်တဲ့အရှိန်နဲ့ လိုက်လျောညီထွေ ဖြစ်မှဖြစ်ပါ့မလား ဆိုတာကို စဉ်းစားစရာရှိလာတယ်။ ရွေ့နိုင်တဲ့နှုန်းကများနေပြီး တွန်းအားက နည်းနေရင်လည်း သိပ်မဟန်သေးပါဘူး။ ဒီနှစ်ခု က လိုက်လျောညီထွေဖြစ်နေဖို့ လိုအပ်ပါတယ်။

 

တစ်ကိုယ်တော်လုပ်ရပ်သည် မိမိအပေါ်သာမူတည်

 

ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ်တစ်ယောက်တည်းပဲ လုပ်တဲ့အလုပ်ဖြစ်မယ်ဆိုပါစို့။ ပန်းချီဆွဲတာလား၊ စာရေး တာလား၊ ဒါမှမဟုတ် မြက်နုတ်တာလား၊ မြေတူးတာလား။ ကိုယ်တစ်ယောက်တည်း လုပ်ရမယ့်ဟာကို စိတ်မြန်ကိုယ်မြန်နဲ့ ဟောဟောဒိုင်းဒိုင်း လုပ်ချလိုက်ရင် အလုပ်က ပြီးချင်လည်း ပြီးသွားမယ်၊ တစ်ပိုင်းတစ်စနဲ့ စိတ်ပျက်အားလျော့သွားတာ မျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ပြီးစလွယ် ဝုန်းဒိုင်းကြဲလိုက်လို့ မသပ်မရပ်ပြီးသွားတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် အလျင်စလိုလုပ်ပေမယ့် သေသေသပ်သပ်နဲ့ အပြီးသတ်လိုက် နိုင်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ ဘယ်လိုရလဒ်မျိုး ထွက်လာမလဲဆိုတာကတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုအရည် အချင်း၊ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ဆောင်ရွက်နိုင်မှု၊ စိတ်ရှည် မှု၊ ဇွဲသန်မှု၊ လျင်မြန်သွက်လက်မှု၊ တင်္ခနုပ္ပတ္တိဉာဏ်ရှင်သန်မှု၊ ပင်ကိုယ်ဓာတ်ခံ စတာတွေအပေါ် မူတည်မှာပေါ့။ ချုပ်ကြည့် လိုက်ရင်တော့ ကိုယ်တစ်ယောက်တည်း လုပ်ကိုင်တဲ့ လုပ်ရပ် ကောင်း မကောင်း၊ ရလာတဲ့ရလဒ် ကောင်း မကောင်းဆိုတာ တွေက ကိုယ့်အပေါ်မှာပဲ မူတည်နေမှာပေါ့။

 

တစ်ယောက်တည်းလုပ်တဲ့ အလုပ်ဖြစ်တဲ့အတွက် တာဝန်ခံစရာရှိတော့လည်း တစ်ယောက်တည်းပဲ။ ဘယ်သူ့မှ လွှဲချစရာမရှိတော့ဘူး။ အကျိုးအမြတ်ရစရာရှိတော့လည်း ကိုယ်တစ်ယောက်တည်းပါပဲ။ ဘယ်သူ့ကိုမှ ခွဲဝေပေးစရာ မလိုဘူး။ ကောင်းသည်ဆိုးသည်ကိုလည်း ကိုယ်တစ်ယောက် တည်းကပဲ ခံစားရမှာပါပဲ။ ဒီတော့ တစ်ကိုယ်တော်သမားတွေ အတွက်ကျတော့ သူ့လုပ်ရပ်နဲ့ သူ့သိက္ခာက လုံးဝကို တိုက်ရိုက်အချိုးညီနေတယ်။ ကိုယ်လုပ်တာကောင်းရင် ရလဒ်ကောင်းမယ်၊ ကိုယ့်နာမည်ကောင်းမယ်၊ ကိုယ့်ဂုဏ်တက်မယ်၊ သိက္ခာ ပိုရှိလာမယ်။

 

အများအားဖြင့်တော့ ကိုယ့်ဘာသာလုပ်ရမယ်လို့ ကောင်းကောင်းနားလည်ထားပြီးတော့ ကိုယ့်တစ်ယောက်တည်း လုပ်ရတဲ့ လုပ်ငန်းမျိုးအတွက်ဆို သေသေချာချာ အင်တိုက် အားတိုက် လုပ်မိကြတာများပါတယ်။ လုပ်ရပ်ကောင်းတဲ့ အတွက် ရလဒ်လည်း ကောင်းလေ့ရှိပါတယ်။ တစ်ကိုယ်တော် ဆောင်ရွက်ရတဲ့ လုပ်ရပ်တွေအတွက် သိက္ခာတက်စရာရှိရင် လည်း သိသိသာသာပါပဲ။ ကိုယ့်လုပ်ရပ်က လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေနဲ့ မလျော်ညီလို့ စောက်ထိုးမိုးမျှော်ဖြစ်နေမယ်ဆို ရင်လည်း ကိုယ့်သိက္ခာတွေ မြောင်းထဲရောက်ကုန်တာပါပဲ။ တစ်ကိုယ်တော်လုပ်ရပ်တွေက ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်ဆိုတာကို လူတိုင်းနီးပါး နားလည်ကြ ပါတယ်။

 

ကိုယ့်တစ်ယောက်တည်းလုပ်ရတဲ့ လုပ်ငန်းမျိုးအတွက်ဆိုရင် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင် ရွက်လေ့ရှိကြပါတယ်။

 

အဖွဲ့အစည်းတစ်ခုမှာ အဖွဲ့ဝင်တိုင်း အရေးပါ

 

တချို့လူတွေကျတော့ အဖွဲ့အစည်းနဲ့ အသင်းအပင်းနဲ့ လုပ်ရကိုင်ရတာတွေကများတယ်။ ဒီလိုစုပေါင်းစပ်ပေါင်း လုပ်ကြကိုင်ကြတဲ့အခါ ကိုယ်လိုချင်တဲ့ရလဒ် ထွက်လာဖို့ အတွေ့အကြုံတွေ၊ ဉာဏ်ပညာတွေ၊ ဆင်ခြင်တုံတရားတွေ အများကြီးလိုသွားပါပြီ။ အထူးသဖြင့် ဒီလိုစုပေါင်းလုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းထဲမှာ ကိုယ်က ဦးစီးဦးဆောင် တာဝန်ယူထား ရသူဖြစ်နေရင်တော့ ကိုယ့်အရည်အချင်းက ပိုပြီး လိုအပ်သွားပါပြီ။

 

ဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်ဖို့အတွက် အဖွဲ့ဝင်တိုင်း ကလည်း သူ့ပညာနဲ့သူ၊ သူ့ကျွမ်းကျင်မှုနဲ့သူ ရှိနေဖို့လိုအပ် သလိုပဲ ဒီအဖွဲ့အစည်းကို ဦးဆောင်သွားတဲ့သူရဲ့ အရည်အချင်းကလည်း အဓိက လိုအပ်နေပြန်တယ်။ အဖွဲ့အစည်းဆိုတော့ ဘုံရည်မှန်းချက်လည်း ရှိကြတာပါပဲ။ ဒီဘုံရည်မှန်းချက်ကို ရောက်ဖို့ကလည်း ဦးဆောင်တဲ့သူတစ်ယောက်တည်း စွမ်းဆောင်နိုင်ရုံနဲ့လည်း မရဘူး၊ နောက်လိုက်နောက်ပါတွေချည်း တော်နေရုံနဲ့လည်း မဖြစ်သေးဘူး။ အားလုံးကောင်းမှ ဖြစ်မှာ၊ အားလုံးတော်နေမှဖြစ်မှာ။

 

အချို့အဖွဲ့အစည်းတွေကျတော့ အဖွဲ့ဝင်တော်တော်များများက တော်ကြပါတယ်။ ဒါပေမယ့် ဦးဆောင်မှု ကောင်းကောင်း မရဘူး။ ဒီတော့ လုပ်သမျှကိုင်သမျှက သူတစ်လူငါတစ်မင်းတွေ ဖြစ်နေတယ်။ သူလည်း သူထင်ရာသူလုပ်၊ ကိုယ်လည်း ကိုယ်ထင်ရာကိုယ်လုပ်။ အားလုံးက ကိုယ်ကောင်းမယ်ထင်သလိုတွေချည်း လုပ်နေတတ်ကြတယ်။ ခက်တာက ကောင်းမယ်ထင်သလိုလုပ်တိုင်း အကောင်းတွေ ဖြစ်မလာတတ်တာပါပဲ။ ကိုယ်ထင်နေတဲ့ အကောင်းကရော တကယ်ကောင်းတာ ဟုတ်၊ မဟုတ် သေချာရဲ့လားဆိုတာကို စံနှုန်းတွေ၊ ပေတံတွေနဲ့ အကြိမ်ကြိမ်ထောက်ကြည့်ဖို့ လိုဦးမှာပါပဲ။ ဒါ့ကြောင့် ကောင်းမယ်ထင်သလို လုပ်တိုင်းတော့ ကောင်းတာတွေ ဖြစ်မလာနိုင်ဘူးလို့ ဆိုရခြင်းဖြစ်ပါတယ်။

 

ဘာ့ကြောင့်များ ဒီလိုပြောရပါလိမ့်လို့ မေးချင်မေးပါ လိမ့်မယ်။ အဓိကအရေးကြီးတဲ့အချက်က ကိုယ်ကောင်းမယ် ထင်တိုင်းလည်း တကယ်ကောင်းချင်မှကောင်းတတ်တာကိုး။ တစ်ယောက်နှင့်တစ်ယောက်က အကြိုက်မတူဘူး၊ စရိုက်မတူ ဘူး၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေမတူဘူး၊ ဉာဏ်ပညာ မတူဘူး၊ နားလည်နိုင်စွမ်းတွေ မတူဘူး။ ဒီတော့ ကောင်းမယ်လို့ ထင်တာတွေချင်းလည်း မတူဘူး။ တစ်ယောက်က ဒီလိုလုပ်မှ ကောင်းမယ်လို့ ထင်တယ်၊ အဲ့ဒီအတိုင်းလုပ်တယ်။ နောက်တစ်ယောက်ကကျတော့ မဟုတ်ဘူး၊ ဒီလိုလုပ်တာ လုံးဝမကောင်းဘူး၊ အမှန်က ဟိုလိုပဲဖြစ်သင့်တာဆိုပြီး ဟိုလိုတွေပဲ လုပ်တယ်၊ ဟိုလိုမလုပ်ရဘူးဆိုရင် ကျေကိုမကျေနပ်ဘူး။ အစတော့ ညှိကြည့်ကြသေးတာပေါ့။ ခင်ဗျားဒီလိုလုပ်ပါလား၊ ကျွန်တော်လည်း ဒီလိုလုပ်မယ်ဆိုတာမျိုး။ ညှိရင်းညှိရင်းက တဖြည်းဖြည်း ဇာတိရုပ်တွေပေါ်လာ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ညှိလို့နှိုင်းလို့မရတော့ ခင်ဗျားလည်း ခင်ဗျားကောင်း မယ်ထင်တဲ့အတိုင်းလုပ်၊ ကျွန်တော်လည်း ကျွန်တော်ကောင်း မယ်ထင်တဲ့အတိုင်း လုပ်ဆိုတာမျိုးနဲ့ လက်စသတ်လိုက်ကြတယ်။ ဒီတော့ စိုက်တဲ့သူကစိုက်၊ ခုတ်တဲ့သူကခုတ်ဆိုသလိုပဲ ဆန့်ကျင်ဘက်တွေဖြစ်ကုန်ပြီး အရာရာ ကမောက်ကမဖြစ်သွား တတ်ပါတယ်။

 

ကြည့်လိုက်ရင်တော့ အဲ့ဒီအဖွဲ့အစည်းမှာ ဟိုလူလည်း တော်တယ်၊ ဒီလူလည်းတော်တယ်၊ ဟိုလူကလည်း သိပ်တော့ မခေဘူး၊ ဒီလူကလည်း ပေါ့သေးသေးတော့မဟုတ်ဘူးဗျ ဆိုတဲ့အထဲကချည်းပါပဲ။ ဒါပေမယ့် လိုအပ်နေတာက ဦးဆောင် မှုကောင်းကောင်း။ ဦးစီးဦးဆောင်မှု ညံ့တဲ့အခါကျတော့ အားလုံးက ကိုယ်ထင်ရာကိုယ်စိုင်းနေကြပြီးတော့ အကုန်လုံးက ပြောင်းကပြန် ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်ကုန်တတ်တယ်။ ရလဒ်တွေကောင်းလာပြီလား၊ ဒီလိုဆိုရင်တော့ စောစောက လုပ်ရပ်တွေ ဘယ်လောက်ပဲမတူကြမတူကြ အခုလိုရလဒ် ကောင်းမျိုးထွက်လာတာဟာဆိုရင်ဖြင့် သူကိုယ်တိုင် ဘယ် လောက်အထိ ထဲထဲဝင်ဝင် နှစ်မြှုပ်ဆောင်ရွက်လိုက်လို့သာ အခုလိုအခြေအနေမျိုးအထိ ဆိုက်ရောက်လာနိုင်တာဖြစ်တဲ့ အကြောင်း၊ ဘယ်လောက်အထိ လုံ့လဝီရိယတွေ စိုက်ထုတ်ခဲ့ ရပါတယ်ဆိုတဲ့ အကြောင်းတွေ မနားတမ်းပြောတော့မယ်။

 

တကယ်လို့ ရလဒ်က ညံ့သွားပြီလား၊ မအောင်မမြင်ဖြစ် သွားပြီလား။ ဒါဆိုရင်တော့ သက်ဆိုင်သူတွေ အကုန်ကြက် ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ သူနဲ့လည်း သိပ်မဆိုင် သလိုလို၊ ကိုယ်နဲ့လည်း သိပ်မဆိုင်တော့သလိုလို။ အခုလိုဖြစ်ရတာက ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်၊ ဟိုလူ ဟိုလိုတွေလုပ်လိုက်လို့၊ ဒီလူ ဒီလိုတွေ လုပ်လိုက်လို့ဆိုတာမျိုးတွေနဲ့သာ ရှုပ်ယှက်ခတ်နေလိမ့်မယ်။ ကျသွားတာက တစ်ဖွဲ့လုံးရဲ့ ဂုဏ်သိက္ခာ။ ဖြစ်ပေါ်လာတဲ့ ရလဒ်အတွက် ဘယ်သူမှ တာဝန်မခံတော့ဘဲ အကုန်လုံး ဝေ့လည်ကြောင်ပတ်လုပ်နေလိမ့်မယ်။ တကယ်တမ်းကျတော့ အကုန်လုံးနဲ့ဆိုင်တာပါပဲ။

 

လူဆိုတာက အများအားဖြင့် ဘယ်ကိစ္စပဲစဉ်းစားစဉ်းစား ကိုယ့်အရေးကစပြီး စဉ်းစားတတ်ကြတာဆိုတော့ ကိုယ့်ကိုယ် ထိခိုက်မယ်လို့ထင်တာမျိုးဆိုရင် သိပ်မလုပ်ဖြစ်ဘူး။ မထိလည်း မထိခိုက်ဘူး၊ ကောင်းကျိုးလည်းရှိမယ်ဆိုရင်တော့ အားတက်သရော လုပ်မိတတ်ကြပါတယ်။ အဖွဲ့အစည်းလိုက်လုပ်ရတဲ့အခါကျတော့ ကောင်းလည်း အတူတူမျှဝေခံစားရမယ်၊ မကောင်းလည်း အတူတူမျှဝေခံစားကြရမယ်ဆိုတာ သိနေတော့ သိပ်ပြီး အားမထည့်ချင်တော့ဘူး။ သူတောင် ဒီအတိုင်းထိုင်နေသေးတာ၊ ကိုယ်လည်း ဒီလိုပဲ သက်သာသလို နေရတော့မှာပေါ့ဆိုတာမျိုးနဲ့ ခိုလို့ရသမျှ အချောင်ခိုနေတတ်တော့တယ်။ အဲဒီလို နေရင်းနေရင်းက ကိုယ့်ရဲ့ ဂုဏ်တွေ လျှောလျှောကျသွားတာ ကိုတော့ သိပ်ပြီး သတိမထားမိတတ်ဘူး။

 

ဒီနေရာမှာ ခေါင်းဆောင်မှုပညာဆိုတာ လိုလာတော့ တာပါပဲ။ စီမံခန့်ခွဲမှုပညာရဲ့ အခန်းကဏ္ဍဟာ အရေးပါလာတယ်။ အဖွဲ့ဝင်တိုင်းရဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့ လုပ်ရပ်တွေကိုတော့ ခေါင်းဆောင်တစ်ယောက်တည်းနဲ့ လိုက်လံစစ်ဆေးကြပ်မတ်နေဖို့ ခက်မှာပါပဲ။ ဒီတော့ ကိုယ်ပါဝင် လှုပ်ရှားနေရတဲ့ အဖွဲ့အစည်းအတွက် ပုံမှန်လည်ပတ်နိုင်ဖို့ ယန္တရားတစ်ခုလိုလာတယ်။ ပြောရရင်တော့ စနစ်တစ်ခုပေါ့။ ဘယ်သူက ဘယ်လိုကြီးကြပ်မလဲ။ ဒီအပေါ်မှာ ဘယ်သူက ဘယ်လိုထပ်ဆင့်တာဝန်ခံမလဲ။ ဒါတွေရှိဖို့ လိုလာပြန်ပါတယ်။

 

စီမံခန့်ခွဲမှု အခြေခံအပိုင်းလေးပိုင်း

 

ခြေခံသဘောတရားအားဖြင့်ကတော့ အပိုင်းလေးပိုင်းသာ ရှိပါသတဲ့။ အစီအစဉ်တွေဆွဲမယ်၊ စုဖွဲ့မှုတွေ လုပ်မယ်၊ ခေါင်းဆောင်မှုတွေပေးမယ်၊ ကြီးကြပ်ကွပ်ကဲမှုတွေ လုပ်မယ်ဆိုပြီး ဒီလေးပိုင်းလောက်သာရှိပါသတဲ့။ ကိုယ့်အဖွဲ့အစည်းက ဘာလဲ၊ အဖွဲ့အစည်းရဲ့ ဘုံရည်မှန်းချက်၊ ဘုံဦးတည်ချက်က ဘာဖြစ်မလဲဆိုတာတွေကို မျက်ခြည်မပြတ် ကြည့်နေသိနေရ မယ်။ သိပြီးရင် ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့၊ ဒီဦးတည်ချက်ဆီကို အရောက်လှမ်းနိုင်ဖို့အတွက် ဘယ်ပုံဘယ် နည်းဆောင်ရွက်မယ်ဆိုတာကို အစီအစဉ်တွေ အသေးစိတ် ရေးဆွဲရမယ်။ ဒါပြီးရင် ဘယ်သူက ဘယ်အပိုင်းကို တာဝန်ယူ၊ ဘယ်သူက ဘယ်လုပ်ငန်းကိုလုပ်ဆိုတာမျိုး တိတိကျကျ သတ်မှတ်ပေးရမယ်။ ဘယ်သူ့ ကြီးကြပ်မှုအောက်မှာ ဘယ်သူနေ၊ ဘယ်အုပ်စုကို ဘယ်သူကထိန်းထားဆိုတာမျိုးနဲ့ စုဖွဲ့မှုတွေကို စနစ်တကျ လုပ်ပေးရမယ်။ လုပ်ငန်းလည်ပတ်နေစဉ်ကာလ တစ်လျှောက်မှာလည်း ဘယ်အခြေအနေကတော့ ဘယ်လို ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် လုပ်နည်းလုပ်ဟန်ကို ဘယ်လိုလေး ပြုပြင်ယူရမယ်၊ ဘယ်ကိစ္စ၊ ဘယ်အခက်အခဲကိုတော့ ဘယ်လိုလေး ကျော်လွှားပေးရမယ်ဆိုတာမျိုးကို စီစဉ်ညွှန်ကြားနေရင်းနဲ့ ခေါင်းဆောင်မှုပေးနေရမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ် တိုင်းမှာ အစီအစဉ်အတိုင်း လုပ်နေကြတာမှ ဟုတ်ရဲ့လား၊ စုဖွဲ့ ပေးထားတဲ့အတိုင်းမှ လုပ်နေကြရဲ့လား၊ ကိုယ့်ရဲ့ခေါင်းဆောင်မှု နောက်ကိုရော သေသေချာချာ လိုက်ပါနေကြရဲ့လား၊ ထင်ရာတွေ လုပ်နေကြပြီလား၊ ကိုယ့်ရဲ့ ကြီးကြပ်ကွပ်ကဲမှုကရော လိုနေသေးသလားဆိုတာတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီးတော့ လိုအပ်သလို ပြင်ဆင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

 

အဖွဲ့အစည်းနဲ့ လုပ်ရကိုင်ရတဲ့အခါ ခေါင်းဆောင်မှုကောင်းနေဖို့လိုသလို ဒီအဖွဲ့အစည်းမှာပါဝင်နေတဲ့ လူတစ်ဦးချင်း တစ်ဦးချင်းစီရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်၊ သဘောထား၊ ကျွမ်းကျင်မှုအရည်အချင်း စတာတွေလည်း ကောင်းမွန်နေဖို့ လိုအပ်နေမှာပါ။ ဒါမှသာ ကောင်းမွန်တဲ့ရလဒ်တွေ ပေါ်ထွက်လာနိုင်မှာပါ။

 

တစ်ခါတလေကျတော့ ခေါင်းဆောင်မှုပြောင်းသွားတာနဲ့ ရလဒ်တွေ သိသိသာသာပြောင်းလဲသွားတာကို တွေ့ရတတ် ပါတယ်။ အဖွဲ့သားတွေက မပြောင်းဘူး၊ ဒီလူတွေချည်းပဲ။ အရင် ကလည်းသူတို့၊ အခုလည်းသူတို့။ ဒါပေမယ့် အရင်က တက်တက် ကြွကြွလုပ်ကိုင်နေခဲ့ကြပြီး အခုကျမှ ဟိုလူ့တွက်၊ ဒီလူ့တွက်နဲ့ တွက်ကပ်ပျင်းမိုက်စာရင်းထဲ ရောက်နေကြပြီလားဆိုတာကို ပြန်ကြည့်ဖို့လိုပါတယ်။ ပြီးရင် ကိုယ့်ရဲ့ခေါင်းဆောင်မှုအရည် အချင်းကို အကြိမ်ကြိမ် အလီလီ ပြန်သုံးသပ်ဖို့ လိုလာပါတယ်။ လျော့လွန်းလို့ ပတ်နေကြသလား၊ တင်းလွန်းလို့ ပြတ်လုပြတ်ခင် ဖြစ်နေပြီလား။ အခြေအနေအချိန်အခါနဲ့ သဟဇာတဖြစ်အောင် ပြင်ဆင်ယူရမှာပါပဲ။ ဒီလိုမှမပြင်နိုင်ရင် ကိုယ့်သမိုင်းကလည်း လှမှာမဟုတ်တော့ဘူး။

 

ကိုယ်ကခေါင်းဆောင်မဟုတ်လို့ နောက်လိုက်ဖြစ်နေပြီလား။ ဒါဆိုရင်လည်း ဘာမှစိတ်ပျက်စရာမရှိပါဘူး။ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်လည်း ခေါင်းဆောင် အလျောက်အရေးပါသလို နောက်လိုက်လည်း နောက်လိုက်အလျောက် အရေးပါတာပါပဲ။ ခေါင်းဆောင်ရှိလို့ နောက်လိုက် ဆိုတာဖြစ်လာရသလို၊ နောက်လိုက်ရှိလို့လည်း ခေါင်းဆောင်ရယ်လို့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကိုယ်ကဘယ်နေရာမှာပဲ ရှိနေရှိနေ ကိုယ့်အလုပ်ကိုယ် တော် တည့်မှန်ကန်စွာ လုပ်ကိုင်ပြနိုင်ဖို့သာ အရေးကြီးပါတယ်။

 

လုပ်ရပ်တိုင်းဟာ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေပါတယ်။ လုပ်ရပ်မှန်ရင် ကြာလေလေ ဂုဏ်သိက္ခာမြင့်မားလေလေ ဖြစ်လာမယ်။ လုပ်ရပ်တွေ လွဲလွဲလာရင် ကြာလေလေ ကိုယ့်သိက္ခာတွေ ကျလာလေလေဖြစ်လာမယ်။

 

ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ကိုယ်ထိခိုက်မယ်၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုင်းအဝိုင်း အားလုံးကို ရိုက်ခတ်သွားမှာ ဖြစ်ပါတယ်။ အရာအားလုံးက ကွန်ရက်သဖွယ် ချိတ်ဆက်နေတာဖြစ်ပါတယ်။ ကိုယ်မကောင်းတာနဲ့ ကိုယ့်အဖွဲ့အစည်းကိုပါ ထိခိုက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ကောင်းရင်လည်း ကိုယ့်အဖွဲ့အစည်းပါ ဂုဏ်တက်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုခေတ်ကြီးမှာ ဘယ်သူမှ တစ်ထီးတစ်နန်း တစ်သီးတစ်သန့်ကြီးနေလို့ မရနိုင်တော့ပါဘူး။ အပြန်အလှန် အမှီသဟဲပြုနေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့လုပ်ရပ်ကောင်းဖို့လည်းလိုတယ်၊ ကိုယ့်လုပ်ရပ်ကောင်းဖို့လည်း လိုပါတယ်။ သူ့သိက္ခာ မြင့်ဖို့လိုသလို ကိုယ့်သိက္ခာလည်း မြင့်မားနေဖို့လိုပါတယ်။ သူ့သိက္ခာကို ကျအောင်လုပ်ပြီး ကိုယ့်သိက္ခာကို မြင့်အောင်မြှောက်တင်လို့လည်း မရပါဘူး။ သူရောကိုယ်ရော အတူတူမြင့်မားလာအောင် လက်တွဲကြိုးစား ယူကြရမှာ ဖြစ်ပါတယ်။

 

ကိုယ့်လုပ်ရပ်ဟာ ကိုယ့်သိက္ခာ

 

ဂုဏ်သိက္ခာဆိုတာက ရာထူးတာဝန်တွေ၊ စည်းစိမ်ဥစ္စာ တွေကို ဆိုလိုတာမဟုတ်ပါဘူး။ လူတစ်ယောက်အဖြစ် မွေးဖွားလာကတည်းကိုက လူသားဂုဏ်သိက္ခာတွေ အပြည့်အဝပါလာ ပြီးသားပါ။ မွေးကတည်းကပါလာတဲ့ ဒီဂုဏ်သိက္ခာတွေ တစ်စတစ်စ ညှိုးမှိန်လာမလား၊ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ ဂုဏ်ရောင် ထွန်းပြောင်လာမလား ဆိုတာကတော့ မွေးစကနေ ဒီကနေ့အထိ ပြောဆိုလုပ်ကိုင်သမျှ အရာအားလုံးအပေါ်မှာပဲ မူတည်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်တိုင်းဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် အထူးအလေးထားဖို့ ပန်ကြားလိုပါတယ်။

 

လုပ်ရပ်တွေလည်း မှန်ကန်ကြပါစေ၊ ဂုဏ်သိက္ခာတွေလည်း မြင့်မားကြပါစေ။ ဒီလိုနည်းလမ်းနဲ့ ကိုယ့်ဘဝကို တစ်စတစ်စ မြင့်မားသထက် မြင့်မားအောင် တည်ဆောက်ယူနိုင်ကြပါစေ။ ကိုယ့်လုပ်ရပ်တိုင်းဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်ဆိုတာကိုလည်း ကောင်းကောင်းကြီး သဘောပေါက် နားလည်နိုင်ကြပါစေ။ ။

 

သိုက်စိုးထွန်း (နတ်ရွာ)