ဓာတ်မတည့်တဲ့ပြဿနာ ALLERGY ဆိုတဲ့ ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ တစ်ချို့မှာ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာ တိတိပပရှိပြီး အဲဒါနဲ့ ထိလိုက်တာနဲ့ ဓာတ်မတည့်ဝေဒနာ ပြင်းထန်ခံစားရတတ်ပြီး တစ်ချို့ကျ ဘာရယ်ကြောင့်မှန်းမသိဘဲ ဓာတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်ရပါတယ်။


ဓာတ်မတည့်ဘူး ဓာတ်မတည့်ဘူးဆိုပြီး ပြောနေတာ၊ ဓာတ်မတည့်ဘူးဆိုတာ ဘယ်လိုကို ပြောတာပါလိမ့်။


ဓာတ်မတည့်ဘူးဆိုတာ ကိုယ်နဲ့ မတည့်တဲ့  အရာတစ်ခုခုနဲ့ ထိတွေ့မိရင် ထွက်လာတဲ့ histamine ကို ကိုယ်ခန္ဓာက ပြန်တုန့်ပြန်တဲ့အရာကို ပြောတာပါ။ ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိရင် ဖြစ်လာတဲ့ လက္ခဏာတွေကတော့


•    နှာခေါင်း – နှာချေ၊ နှာစေး၊ နှာရည်ယိုမယ်။ ဒါကိုယ်နဲ့ ဓာတ်မတည့်တစ်ခုခုကို ကိုယ်ခန္ဓာက အမြန်ဆုံးတုန့်ပြန်လိုက်တဲ့ အချက်ပြစနစ်တစ်ခုပါ။ ဓာတ်မတည့်တဲ့ ပစ္စည်းတွေ လေကြောင်းလမ်းထဲက အများကြီး မဝင်အောင် နှာချေပြီပြန်ထုတ်တာဖြစ်ပါတယ်။ များများထိလေလေ များများနှာချေလေ ဖြစ်တတ်ပါတယ်။


•    မျက်လုံး – မျက်လုံးယား၊ မျက်လုံးနီ၊ မျက်ရည်ပူကျတာတွေကလည်း ဓာတ်မတည့်တဲ့အခါ ဖြစ်လာတဲ့ ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုတစ်ခုပါ။


•    အရေပြား – လူတိုင်းသိကြပါတယ်။ ဓာတ်မတည့်တဲ့အခါ အရေပြားမှာ ယားယံတဲ့ အင်ပြင် အဖုအပိန်ကတွေထွက်လာတယ်ဆိုတာ။ ဒါ ဓာတ်မတည့်တဲ့ ပစ္စည်းကို ပြန်လည်တုန့်ပြန်တဲ့ histamine ကြောင့် အဓိက ဖြစ်ရတာပါ။


•    နှုတ်ခမ်း၊ ခံတွင်း – တစ်ချို့ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေမှာဆို နှုတ်ခမ်းကြီးထူလာတာ၊ လျှာထုံလာတာ၊ လည်ချောင်းယားတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာကို ဆေးပညာအရ (angio-oedema) တစ်ရှူးတွေ ရောင်ရမ်းခြင်းလို့ခေါ်ပါတယ်။ အရမ်းပြင်းထန်သွားခဲ့ရင် စကားပြောရခက်တာ၊ အစာမျိုချရခက်တာနဲ့ အသက်ရှူရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။


•    အသက်ရှူလမ်းကြောင်း – ဓာတ်မတည့်မှု တစ်ခုခုနဲ့ ကြုံတွေ့ရတံအခါ အသက်ရှူရကြပ်တာ၊ ရင်ဘတ်အပေါ် တစ်ခုခု တက်ဖိထားသလိုဖြစ်တာ၊ အသက်ရှူလိုက်တိုင်း အသံမြည်နေတာ စတဲ့ လက္ခဏာတွေ အသက်ရှူလမ်းကြောင်းမှာ ပြတတ်ပါတယ်။ အသက်ရှူတောင် ကြပ်နေပြီဆိုရင် ဒါ ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ပြီး နောက်ပိုင်း anaphylaxis (ပြင်းထန်ဓာတ်မတည့်မှု) ဖြစ်ပြီး  အသက်တောင်ဆုံးရှုံးသွားနိုင်ဆိုတာ ဖော်ပြပေးနေတာဖြစ်ပါတယ်။


•    ဦးနှောက်နဲ့ အာရုံကြော – anaphylaxis (ပြင်းထန်ဓာတ်မတည့်မှု) ရဲ့ နောက်ဆုံးနဲ့ အဆိုးဆုံအဆင့်ကတော့ မူးလဲသွားပြီး အသက်သေဆုံးသွာတာပါပဲ။ ရုတ်တရက် လဲကျသွားမယ်၊ သွေးပေါင်ချိန်လည်း မရတော့ဘူး၊ နှလုံးခုန်လည်း ရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်နဲ့ လုံးဝ ဓာတ်မတည့်ဘူး ဆိုတာတွေနဲ့ ထိမိတာ၊ စားမိတာ၊ မတည့်တဲ့ ဆေးထိုးမိသောက်မိတာတွေကြောင့် ဒီလို ပြင်းထန်ဓာတ်မတည့်မှုတွေ ဖြစ်ရတာပါ။


အခြားဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့


•    ဓာတ်မတည့်တာတွေဖြစ်ပြီဆိုတာ သိနေတာ

•    ဗိုက်အောင့်တာ

•    ပျို့အန်ချင်တာ

•    ကိုယ်ပူသလိုလို အေးသလိုလိုဖြစ်တာနဲ့

•    နှလုံးခုန်မြန်တာတွေ ဖြစ်တတ်ပါတယ်။


လူအများစု ဓာတ်မတည့်တတ်တဲ့အရာတွေကတော့


•    ပန်းဝတ်မှုန်

•    ဖုန်တွေ၊ မှိုတွေ

•    ခွေးတို့ ကြောင်တို့ အမွှေးတွေ

•    ပျားတုတ်ခံရ၊ ပိုးကောင်ကိုက်ခံရတာမျိုးတွေ

•    တစ်ချို့ ဆေးနဲ့ ဓာတ်မတည့်တာတွေ ( ဥပမာ- penicillin ဆေး)

•    အစားအစာ – ကြက်ဥ၊ အစေ့အဆံ နဲ့

•    ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ latex တို့ဟာ လူအများကို ဓာတ်မတည့်ခြင်းဖြစ်စေတဲ့ အရာတွေပါ။


ဒီတော့ ကိုယ့်မှာ ဓာတ်မတည့်တဲ့ ပြဿနာ ကြီးကြီးမားမားရှိနေတယ်၊ ဘာနဲ့ထိလို့ ဖြစ်ရတာလဲဆိုတာကိုသိရင် ကိုယ်နဲ့ မတည့်တဲ့ ပစ္စည်းကို ရှောင်ဖို့ လိုအပ်ပါတယ်။ ဓာတ်မတည့်တဲ့ ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် ခုပြောထားတဲ့ လက္ခဏာတွေ တစ်ခါတစ်ခါ ခံစားနေရတယ်ဆိုရင် ကိုယ်နဲ့မတည့်တဲ ပစ္စည်းတွေကို သေချာ မှတ်ထားဖို့ လိုပါလိမ့်မယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးရောက်ခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ဖို့ကိုလည်း မမေ့သင့်ပါဘူး ။ ။


ရေးသားသူ -Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”