ဝက်ခြံက အမြဲပေါက်နေတာမဟုတ်ဘဲ။ တစ်ခါတလေမှ ပေါက်တာဆိုရင် သင့်မှာဖြစ်နေတဲ့ဝက်ခြံတွေက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပေါက်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့်လားဆိုတာသိရစေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။


ကိုယ့်မှာထွက်နေတဲ့ဝက်ခြံတွေက ဟော်မုန်းကြောင့်ဖြစ်တာလား………


ဝက်ခြံတွေက အမြဲထွက်နေတာမျိုးမဟုတ်ဘဲ တစ်ခါတလေမှထွက်တာဆိုရင်တော့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေပါ။ ဒီအချက်တွေနဲ့ တိုက်ဆိုင်မယ် ဆိုရင်တော့ ဝက်ခြံတွေက ဟော်မုန်းကြောင့်ဖြစ်တာပါ။


ဆယ်ကျော်သက်အရွယ်ဖြစ်နေတာ


အသက် ၂၀ ဝန်းကျင်လောက် ဖြစ်မယ်။ အပျိုဖော်စဝင်ချိန် ဒါမှမဟုတ် လူပျိုဖော်ဝင်ချိန် ဖြစ်နေမယ်၊ ဝက်ခြံတွေလည်းဖြစ်နေမယ်ဆိုရင် ဒါက ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာရတဲ့ ဝက်ခြံပါ။


မေးစေ့နဲ့ မေးရိုးတလျှောက်မှာ ဝက်ခြံပေါက်တာ


ဝက်ခြံက မျက်နှာရဲ့ နေရာအနှံ့မှာ ပေါက်နိုင်ပေမယ့် မေးရိုးတလျှောက်နဲ့ မေးစေ့ပေါ်မှာ ဝက်ခြံပေါက်နေမယ်ဆိုရင်တော့ ဒါက အခြားအရာတွေကြောင့် ဆိုတာထက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေပါ။


တစ်လမှ တစ်ကြိမ်လောက်ပဲဖြစ်လာတတ်တာ


ဝက်ခြံက အမြဲလိုလိုဖြစ်နေတာမဟုတ်ဘဲ တစ်လမှ တစ်ကြိမ်လောက်ပေါက်တာဆိုရင်တော့ ဒါကကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် ဖြစ်တဲ့ဝက်ခြံတွေပါ။ လေဒီလေးတွေမှာတော့ အထူးသဖြင့် ရာသီသွေးဆင်းချိန်မှာ ဖြစ်တတ်ပါတယ်။


စိတ်ဖိစီးမှုများနေတာ


စိတ်ဖိစီမှုများတဲ့အခါ ထွက်လာတဲ့ ကော်တီစောဟော်မုန်းတွေကြောင့်လည်း ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အလုပ်ခွင်ဖိအားကြောင့်ဖြစ်ဖြစ်၊ လူမှုရေးကိစ္စတွေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုများနေချိန်မှာ ဝက်ခြံတွေဖြစ်လာ မယ်ဆိုရင်တော့ ဒါက ဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ခြံတွေပါ။


ကိုယ့်မှာဖြစ်တဲ့ဟော်မုန်းတွေက အခုအခြေအနေတွေနဲ့ သက်ဆိုင်နေမယ်ဆိုရင်တော့ ဒါတွေကဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေလို့ပြောပါရစေ။


ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကိုသက်သာစေဖို့


ဟော်မုန်းကြောင့် ဝက်ခြံတွေဖြစ်လာတဲ့အခါ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး သက်သာအောင်လုပ်လို့ရပါတယ်။


Tea tree oil


ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ မျက်နှာသစ်ဆေးတွေ၊ တိုနာတွေမှာ tea tree oil ပါဝင်နေနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ဝက်ခြံပေါ်မှာ tea tree oil ကိုသုံးပေးလို့ရပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပုံမှန်သုံးပေးလို့ရပါတယ်။


Alpha hydroxy acid (AHAs)


အပင်ကနေရတဲ့ အက်ဆစ်တစ်မျိုးပါ။ သံပရာမျိုးရင်းဝင် အပင်တွေကနေရရှိနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ပွင့်စေနိုင်ပါတယ်။ ဒီအက်ဆစ်ကို သုံးမယ်ဆိုရ်ငတော့ နေလောင်ကာခရင်မ်သုံးဖို့ကို မေ့ထားလို့ မဖြစ်ပါဘူး။


လက်ဖက်စိမ်း


အရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်း ရေနွေးကြမ်း သောက်ပေးလို့ရပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ ဝက်ခြံကိုလိမ်းပေးလို့လည်းရပါတယ်။


ဘာတွေစားလို့ ဘာတွေရှောင်မလဲ…………..


အစားအသောက်ကလည်း ဝက်ခြံပေါ်မှာ တော်တော်လေး သက်ရောက်မှုရှိပါတယ်။ ဝက်ခြံကိုသက်သာစေပြီး အရေပြားရောင်ရမ်းမှုကို သက်သာစေဖို့ဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ အပင်ထွက်စားသောက်ကုန်တွေကို စားပေးသင့်ပါတယ်။ နောက်တစ်ခုက အရေပြားကျန်းမာရေးအတွက် အရေးပါတဲ့ Omega-3 fatty acid ပါ။


ဒီအစားအစာတွေကိုတော့ မစားသင့်ပါဘူး


•    အချိုများတဲ့ အစားအစာတွေ

•    နို့နဲ့နို့ထွက်ပစ္စည်းတွေ

•    သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ

•    အနီရောင်အသားတို့ကို ဖြစ်နိုင်ရင်လျှော့စားတာကောင်းပါမယ်။


ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”