ငြိမ်းချမ်းအောင်
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလတွင် EAO အဖွဲ့အချို့သည် အခွင့်ကောင်းအဖြစ် ယူဆ၍ တစ်ချိန်တစ်ခါက လက်ကိုင်ထားခဲ့သည့် တစ်တော တစ်ကြက်ဖ စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်း ဖော်ဆောင်လာခဲ့ကြသည်။
လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီအစိုးရ ခေတ်ကာလမှာပင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲကိုယ်စီဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ တောခို သူပုန်ထခဲ့ကြသော EAO အဖွဲ့အချို့သည် ယခုအကြိမ်တွင်လည်း ဖက်ဒရယ်ဒီမိုကရေစီအရေးဟု ကြွေးကြော်၍ ၎င်းတို့၏အကျိုးစီးပွားအလို့ငှာ တိုက်ကွက်များ ဖော်ဆောင်လာခဲ့ကြသည်။ နယ်စပ်ဒေသများရှိ တပ်မတော်၏ လုံခြုံရေးတပ်စခန်းများနှင့် မြို့ရွာအချို့ကို အင်အားသုံး စတင်တိုက်ခိုက်လာခဲ့ကြသည်။
ဖက်ဒရယ်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တော်လှန်ရေးဟုဆိုခဲ့ကြသူ သောင်းကျန်းသူများက ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေများရှိ အစိုးရအခြေခံ အဆောက်အအုံများ၊ လူမျိုးရေးနှင့် ဘာသာရေးအထိမ်းအမှတ် အဆောက်အအုံများအား စက်ယန္တရားများအသုံးပြု၍ မြေလှန်ဖျက်ဆီးခြင်း၊ ဗမာနှင့် အခြား တိုင်းရင်းသားများအား ဖမ်းဆီး၍နှင်ထုတ်ခြင်း၊ ဒေသခံပြည်သူများကို ခြိမ်းခြောက်၍ လူငယ်များ၊ ကလေးငယ်များကို အဓမ္မစစ်မှုထမ်းစေပြီး အတင်းအဓမ္မတိုက်ပွဲဝင်စေခိုင်းခြင်း စသည်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို လုပ်ဆောင်လာခဲ့ကြရာမှ ဒေသခံပြည်သူ အများစုသည် မိမိတို့၏ အိုးအိမ်များကိုစွန့်ခွာ၍ တိုက်ပွဲရှောင်များအဖြစ် အခြားဒေသများသို့ သွားရောက်ခိုလှုံကြရတော့သည်။
ထို့အပြင် တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသည့်နှယ် အကြမ်းဖက်သောင်းကျန်းသူများနှင့် မသမာသူများက တိုက်ပွဲရှောင်ပြည်သူများထံမှ အဖိုးတန် ရွှေငွေပစ္စည်းများ လုယက်ခြင်း၊ ကျန်ရှိခဲ့သည့် အိုးအိမ်တိုက်တာ အဆောက်အအုံများမှ အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းခိုးဝှက်ခြင်း၊ နေ့လယ်နေ့ခင်း အချိန်မှာပင် အုပ်စုလိုက် ပြောင်ပြောင်တင်းတင်း ဝင်ရောက်လုယက်ယူငင်ခြင်းများ ပြုလုပ်ခဲ့ကြရာ တိုက်ပွဲရှောင် ဒေသခံပြည်သူများမှာ ဒုက္ခပင်လယ်ဝေခဲ့ကြရလေသည်။
လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု
ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လမ်းတံတားမှစပြီး စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကိုလည်း ဖျက်ဆီးခဲ့ပြန်၍ နိုင်ငံသားများ၏ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့စေရေးကို ထိခိုက်မှု များဖြစ်ပေါ်စေခဲ့သည်။
ကနဦးကာလများတွင် အစွန်းရောက်သူများ၊ အာဃာတကြီးမားသူများ၊ စိတ်ခံစားချက် ပြင်းပြသူများနှင့် မသိနားမလည်သူ အချို့မှာလည်း ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် ဝါဒဖြန့်ချိမှုများကို နားယောင်ကာ အဟုတ်အမှန်ထင်၍ အကြမ်းဖက်သောင်းကျန်းသူများကို မင်းလောင်းမျှော်သလို မျှော်ခဲ့ကြသည်။ စစ်ကိုခေါ်ခဲ့ကြလေသည်။ လက်တွေ့ဘဝတွင် တည်ငြိမ်အေးချမ်းနေသော ဒေသများတကယ်တမ်း စစ်ပွဲဒဏ်သင့်လေမှ စစ်၏ အနိဋ္ဌာရုံများကို သူတို့လည်း မျက်ဝါးထင်ထင်တွေ့ကြုံခံစားကြရလေတော့သည်။
သမိုင်းဖြစ်ရပ်တစ်ခု
သမိုင်းပညာရှင်ဆရာကြီး ဒေါက်တာသန်းထွန်း၏ “သမိုင်းသင်တာ မအအောင်” ဟူသည့် အဆိုအမိန့်က သွေးထွက်အောင် မှန်လှပေသည်။ ခေတ်စနစ်ချင်း၊ အခြေအနေချင်းမတူသည်မို့ နှိုင်းယှဉ်ပြစရာ မဟုတ်သော်လည်း ယနေ့လူငယ်များအား သမိုင်းဖြစ်ရပ်တစ်ခုကို ကန့်လန့်ကာ ဖွင့်ပြချင်ပါသည်။ ဒုတိယကမ္ဘာစစ် ကာလတွင် ဖက်ဆစ်ဂျပန်တို့၏ “ဒိုက်တိုအာကျိုအေးကင်း”၊ အရှေ့အာရှတိုက်သားများ သာတူညီမျှ ကောင်းစာရေးဟူသော ဝါဒဖြန့်ချိမှုအပေါ်ယုံစားပြီး နယ်ချဲ့ အင်္ဂလိပ်ကို တိုက်ထုတ်နိုင်ရန် မြန်မာပြည်သူများက ဂျပန်ကို အမျှော်ကြီးမျှော်ခဲ့ကြဖူးသည်။
ပြည်သူလူထုသည် မြန်မာနိုင်ငံကို သုံးကြိမ်တိုင်တိုင် မတရားစစ်ပြုပြီး သိမ်းပိုက်ခဲ့သော နယ်ချဲ့အင်္ဂလိပ်ကို မုန်းတီးခဲ့ကြသည်။ ဂျပန်များကို အထင်ကြီး၍ နယ်ချဲ့အင်္ဂလိပ်ကို အနိုင်တိုက်သူများအဖြစ် လေးစားခဲ့ကြသည်။ မြန်မာတွေ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်အောင် အကူအညီပေးလိမ့်မည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။
သို့နှင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ဂျပန်လေယာဉ်များ ပထမဆုံးအခေါက် ရန်ကုန်မြို့ကြီးကို လာရောက်ဗုံးကြဲစဉ် ရန်ကုန်မြို့ခံ ပြည်သူအများစုသည် ဂျပန်များကို မိတ်ဆွေအဖြစ်ယူဆ၍ ဗုံးခိုကျင်းများနှင့် ဘေးလွတ်ရာများသို့ တိမ်းရှောင်ခြင်းမပြုကြဘဲ ဂျပန်လေယာဉ်များကို ထွက်ကြည့်ကြလေသည်။ အချို့ကား လက်များပင် ဝှေ့ယမ်း၍ နှုတ်ဆက်ကြလေသည်။ သူတို့၏ စိတ်ထဲတွင် ၎င်းတို့၏မိတ်ဆွေ ဂျပန်တွေက စစ်နှင့်မဆိုင်သည့် မြို့လယ်ခေါင်ကို ဗုံးကြဲ၊ စက်သေနတ်နှင့် ပစ်ကြလိမ့်မည်ဟု လုံးလုံးထင်မှတ်မထားခဲ့ကြချေ။ သို့သော် စစ်ဦးဘီလူးဆိုသည့်နှယ် ဂျပန်ဗုံးကြဲလေယာဉ်၊ တိုက်လေယာဉ်များက မည်းမည်းမြင်ရာ ဗုံးကြဲ၊ စက်သေနတ်ပစ် တိုက်ခိုက်မှုပြုခဲ့ကြရာမှ ရန်ကုန်မြို့ခံ ပြည်သူစုစုပေါင်း ၂၀၀၀ ခန့် သေ၍ ၂၅၀၀ ခန့်ဒဏ်ရာရရှိခဲ့ကြသည်။ ဒုတိယအကြိမ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ဂျပန်လေယာဉ်များ၏ ထပ်မံလာရောက်တိုက်ခိုက်မှုဖြစ်စဉ်တွင်လည်း အရပ်သားပြည်သူ ထောင်ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြပြန်သည်။
ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့နေပြည်သူအများစုသည် အထုပ်အပိုးကိုယ်စီဖြင့် စစ်ဘေးရန်မှ လွတ်ရာကျွတ်ရာသို့ ရရာမီရာ ရထား၊ ကား၊ သင်္ဘော၊ လှေတို့ဖြင့် ထွက်ပြေးကြရလေတော့သည်။ ယာဉ်၊ ရထားမမီသူ၊ တက်၍မရနိုင်သူများကလည်း ခြေကျင်လျှောက်၍ ထွက်ပြေးတိမ်းရှောင် ကြရလေသည်။
ခေတ်ပျက်ကာလ ထုံးစံအတိုင်း မသမာသူများကလည်း လူသူကင်းမဲ့သွားသည့် အိုးအိမ်၊ တိုက်တာ၊ ဆိုင်ခန်းများမှ ကျန်ရစ်ခဲ့သော အဖိုးတန်ပစ္စည်းများ ကို ဖောက်ထွင်းသယ်ယူခဲ့ကြသလို လူဆိုးဓားပြတို့ ကလည်း စစ်ဘေးရှောင်များ၏ ရွှေ၊ ငွေ၊ အဖိုးတန် ပစ္စည်းများကို လမ်းခရီးမှာပင် ဓားပြတိုက်လုယက်ခဲ့ကြပြန်သည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရကလည်း ရန်ကုန်မြို့မှ ဆုတ်ခွာမပေးမီ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ အာရ်အီးတီဓာတ်အားပေးစက်ရုံ၊ ကမ်းနားရှိ ကရိန်းများ၊ သိမ်ကြီးဈေး၊ သန်လျင်နှင့် ဓနိတောရှိ ရေနံချက် စက်ရုံစသည့် အချက်အချာနေရာများ၊ အဆောက်အအုံစက်ရုံများကို မြေလှန်စနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြရာ တစ်ချိန်က စည်ကားလှသော ရန်ကုန်မြို့ကြီးသည် မီးဟုန်းဟုန်း တောက်လောင်ပျက်စီး၍ မြို့ပျက်ကြီးတစ်ခု ဖြစ်သွားခဲ့ရလေသည်။
မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်၊ ပြည်သူနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းလက်တွဲ
နယ်မြို့၊ မြို့ရွာအသီးသီးရှိဒေသခံပြည်သူများမှာလည်း ဖက်ဆစ်ဂျပန်တပ်များ၏ ရိုင်းပျစော်ကားမှုများကို ခါးစည်း ခံကြရပြန်ပါသည်။ မော်လမြိုင်မြို့သို့ ချီတက်လာသော ဖက်ဆစ်ဂျပန်တပ်များကို ပန်းသပြေနှင့် အားတက်သရော သွားရောက်ကြိုဆိုခဲ့ကြသည့် ဒေသခံပြည်သူများကိုလည်း ဂျပန်စစ်သားများက လက်နက်ခဲယမ်း မီးကျောက်များ၊ ရိက္ခာများကို ထမ်းခိုင်းခဲ့ကြသည်။ ဤသို့ဖြင့် ဂျပန်ခေတ်တစ်လျှောက်လုံး မြန်မာ ပြည်သူတို့မှာ ဖက်ဆစ်ဂျပန်တို့၏ ပါးရိုက်၊ နားရိုက် နှိပ်စက်မှုများ၊ စော်ကားမှုများကို အံကြိတ်ခံခဲ့ကြရ လေသည်။ သို့နှင့် မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်၊ ပြည်သူနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းလက်တွဲကာ စည်းလုံးညီညွတ်မှုအားမာန် ဖြင့် ဖက်ဆစ်ဂျပန်ကို ဆက်လက်တွန်းလှန် တိုက်ခိုက်ခဲ့ကြရပြန်ပါသည်။
ကွန်မြူနစ်အပါအဝင် ရောင်စုံသူပုန်များနှင့် ကျေးလက်နေပြည်သူများကပင် “ဒီမိုးကရေကစီးပဲ စီးနိုင်လွန်းတယ်” ဟု ဆိုရလောက်အောင် နှုတ်က ဒီမိုကရေစီအရေး ရှေ့တန်းတင်ဟောပြောခဲ့ကြသော်လည်း ဒေသခံပြည်သူများကို ဆက်ကြေးတောင်း၊ နှိပ်စက်ညှဉ်းပန်းရုံမက အစိုးရ၏ ဒေါက်တိုင်များ၊ ဓနရှင်များဟု စွပ်စွဲကာ အစုလိုက်၊ အပြုံလိုက် ရွာလုံးကျွတ် သတ်ဖြတ်ခဲ့ကြ၍ ကျေးလက်နေပြည်သူ အများစုမှာ ရန်ကုန်မြို့အပါအဝင် စစ်ဘေးလွတ်ရာ သို့ စစ်ဘေးရှောင် ပြောင်းရွှေ့အခြေချခဲ့ကြရသည်။
ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်က မုန်တိုင်းလွန်သော်စာအုပ်တွင် “ထိုပြည်တွင်းစစ်ကြောင့် တိုင်းပြည်တွင် အလဟဿနစ်နာဆုံးရှုံးမှုတို့ကတော့ တွက်ချင့်နိုင်စွမ်းမရှိတော့သော လူမျိုးတစ်မျိုးလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ၊ ဂုဏ်သရေနှင့် လူနေမှုအဆင့်အတန်းတို့အပြင် တွက်ချင့်၍ရသမျှ အမေရိကန်စာရေးဆရာကြီး ရစ်ချတ်ဘတ်ဝဲ (လ်) ၏ အဆိုအတိုင်းမူ --- ၁၉၄၈၊ ၄၉၊ ၅၀ ခုနှစ်များအတွင်း မြန်မာပြည်သည် ပြည်တွင်းစစ်ကြောင့် စိုက်ပျိုးနိုင်သောမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းတို့ ကောခဲ့ရသည်။ လူဦးရေ သုံးသန်း ခန့်တို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။ ပြည်သူပြည်သား နှစ်သောင်းနှစ်ထောင်နှင့် အစိုးရဘက်မှ စစ်ဘက် နယ်ဘက် အမှုထမ်းပေါင်း ငါးထောင့်ခုနစ်ရာတို့ အသက်ဆုံးကြရသည်။ ပြည်သူပိုင်ပစ္စည်း တန်ဖိုး ဒေါ်လာ ငါးသန်း၊ ပြည်သူပြည်သားတို့၏ကိုယ်ပိုင် အိုးအိမ်ပစ္စည်းတန်ဖိုး ဒေါ်လာကိုးဆယ့်ငါးသန်းဆုံးရှုံးခဲ့ကြရသည်ဟု သူ၏စာအုပ်တွင် ဖော်ပြခဲ့သည်။ အမိမြန်မာပြည်ကြီးကတော့ မငိုတော့ပါ၊ မပြုံးတော့ပါ။ ငိုအား ပြုံးအားလည်း မရှိရှာတော့ ပါ”ဟူ၍ မှတ်တမ်းတင်ရေးသားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဩဂုတ်လ ၅ ရက်နေ့က လက်ရှိကာလ နိုင်ငံတော်အတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်သူများအား ဆက်စပ်တင်ပြပြောကြားရာတွင် “သောင်းကျန်းသူ ခေါင်းဆောင်တွေရဲ့ စစ်ဘုရင်ဝါဒတွေ ပြန်လည်ကြီးစိုးလာမှုနဲ့အတူ ဒီဒေသခံတွေဟာ ဟိုးယခင်က စစ်ဘုရင် ဝါဒ ကြီးစိုးခဲ့တဲ့ဒေသတွေလို ဥပဒေမဲ့ အနိုင်ကျင့်ခံရမှုတွေ၊ တရားမဲ့သတ်ဖြတ်ခံရမှုတွေ၊ မှန်ကန်တဲ့ စီးပွားရေး လုပ်ငန်းတွေနေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှုတွေ၊ လူငယ်တွေဟာလည်း စာအုပ်နဲ့ ဘောပင်အစား သေနတ်တွေကိုင်ရင်းနဲ့ ပြန်လည် ရှင်သန်ကြရတော့မှာလည်း ဖြစ်ပါတယ်။ အလင်းထဲကနေ အမှောင်ထဲကို ပြန်ရောက်ရတော့မယ့် အခြေအနေလည်း ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလိုအခြေအနေမျိုး ပြန်ရောက်ချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာ့ တပ်မတော်အနေနဲ့ ကျွန်တော်တို့ပြည်သူတွေ ဒီလိုအခြေအနေမျိုးရောက်မှာကိုလည်း လုံးဝခွင့်ပြုပေးမှာ မဟုတ်ပါဘူး။
“ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ခေတ်အဆက်ဆက် ပေါ်ပေါက်လာတဲ့ ပြည်ပကျူးကျော်သူတွေနဲ့ ပြည်တွင်းသောင်းကျန်းသူ အမျိုးမျိုးရဲ့ဒဏ်ကို မြန်မာ့တပ်မတော်နဲ့လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူပူးပေါင်းပြီး ပြည်တွင်း၊ ပြည်ပ အန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင်ကျော်ဖြတ်နိုင် စွမ်းလည်းရှိကြပါတယ်။ ကျွန်တော်တို့ပြည်သူတွေ သတိပြုရမှာက ဒီနေ့ကမ္ဘာ့ရေးရာအခြေအနေတွေဟာ အင်မတန်မှ နက်နဲရှုပ်ထွေး လာတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်” စသည်ဖြင့် ပြောကြားခဲ့ပါသည်။
သို့ဖြစ်၍ မြန်မာပြည်သူများအနေဖြင့် သမိုင်းရှုထောင့်အမြင်၊ သမိုင်းအတွေ့အကြုံ၊ သမိုင်း သင်ခန်းစာများ အရလည်းကောင်း၊ မျက်မှောက်ကာလတွင် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့သွားသော နယ်မြေဒေသအချို့မှ ဒေသခံပြည်သူများ ကြုံတွေ့ခဲ့ကြရသည့်အနိဋ္ဌာရုံ သာဓကများအရလည်းကောင်း၊ ကိုယ့်မြို့ကိုယ့်ရွာ တည်ငြိမ်အေးချမ်းရေးကို ကိုယ့်ဝန်ကိုယ့်တာ ကိုယ့်တာဝန်အဖြစ် ရှုမြင်သုံးသပ်ပြီး နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်တို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းကာကွယ်စောင့်ရှောက် ကြပါစို့ဟု တိုက်တွန်းနှိုးဆော် ရေးသားတင်ပြလိုက် ရပါသည်။