ကိုလင်း
သရုပ်ဆောင် မင်းဦးက ဒါရိုက်တာအဖြစ် ရိုက်ကူးနေသည့် ]ကိုယ်ပွား}အမည်ရ ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင် ကျော်ထက်အောင်ကို ဇာတ်ကောင်စရိုက် နှစ်မျိုးနှင့် တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါရုပ်ရှင်တွင် ကျော်ထက်အောင်၊ ချာလီ၊ ကောင်းစည်သူ၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ မြတ်ကေသီအောင်၊ နေခြည်ဦး၊ လီလီ ကျော်ခိုင်နှင့် အခြားအနုပညာရှင်များစွာ ပါဝင်ထားကြောင်း သိရသည်။
"ကိုယ်ပွားဆိုတဲ့အဓိပ္ပါယ်က ဘယ်သူက ဘယ်သူ့ရဲ့ကိုယ်ပွားလဲ ဆိုတာကို ပုံဖော် ထားတာပါ၊ ကျွန်တော်တစ်ယောက်တည်းက စရိုက်နှစ်မျိုး သရုပ်ဆောင်ထားတာပါ၊ ဒီကားလေးက ကျွန်တော့်အတွက် သရုပ်ဆောင်ဘက်မှာ စိန်ခေါ်မှုတစ်ခုဆိုလည်း မမှားပါဘူး၊ ကာရိုက်တာပိုင်းတွေကတော့ နှစ်ခုလုံးက ခပ်ဆိုးဆိုးစရိုက်တွေရှိတဲ့ လူနှစ်ယောက် ပုံစံပါပဲ၊ အရင်ကဆို ကာရိုက်တာတွေက တစ်ယောက်က လူဆိုး၊ တစ်ယောက်က လူလိမ္မာ ပုံစံတွေချည်း တွေ့နေရတာကို အခုကျတော့ အဲဒီပုံစံကနေ ကွဲထွက်ပြီး ဖန်တီးထားလို့ ပရိသတ်အတွက် တစ်မျိုးတော့ ခံစားမှုပေးနိုင်မယ် ထင်ပါ တယ်"ဟု သရုပ်ဆောင် ကျော်ထက်အောင်က ပြောသည်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးတွင် Host အဖြစ် တာဝန်ယူဆောင်ရွက်ရင်း ပရိသတ်များ သတိပြုမိကာ အားပေးမှုကိုရရှိခဲ့သည့် ကျော်ထက်အောင်သည် ရုပ်ရှင်ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ရာတွင်လည်း ထူးခြားသည့် ဇာတ်ကောင်စရိုက် များတွင် ကိုယ်ပိုင်ဟန်ဖြင့် သရုပ်ဆောင်နိုင်မှုကြောင့် ရုပ်ရှင်ပရိသတ်များ၏ အားပေး မှုကို ရရှိနေသည်။
မြန်မာ့အလင်း