ဒေါက်တာ မျိုးကြွယ် (NEPC)
ကျွန်တော့်ကို ထိုင်းနိုင်ငံ ကက်ဆက်ဆပ်တက္ကသိုလ် (Kasetsart University) မှ တက္ကသိုလ်တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့်အတူ အဆင့်မြင့် ပညာဆိုင်ရာဆွေးနွေးပွဲကို “အဆင့်မြင့်ပညာရေးနှင့် ကမ္ဘာ့ ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအချက် (၁၇) ချက်ကို လက်တွေ့လုပ်ဆောင်ရေး” (Higher Education and Sustainable Development facing Realities and Implementing Change) ခေါင်းစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ဖိတ်ကြား၍ တက်ရောက်ခဲ့ပါသည်။
ဤတက္ကသိုလ်သည် ၁၉၄၃ ခုနှစ်တွင် စိုက်ပျိုးရေးနှင့် သစ်တောကောလိပ်အဖြစ် စတင်၍ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ တွင် ထိုင်းနိုင်ငံ၏ အားကိုးရသော စိုက်ပျိုးမွေးမြူရေး အခြေခံသုတေသန တက္ကသိုလ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ တက္ကသိုလ်တွင် ဒေသအလိုက်နယ်မြေ (Campus) လေးခုရှိပြီး သုတေသနသိပ္ပံဌာန (Institute) လည်း များစွာရှိပါသည်။ ကျောင်းသား ကျောင်းသူပေါင်း ၅၈၀၀၀ ကျော် ပညာသင်ကြားလျက် ရှိပါသည်။ မူလ နယ်မြေဖြစ်သည့် ဘန်ကောက်မြို့ ဘန်ကန်း (Bangkhen Campus) တွင် မဟာဌာန ၁၄ ခုနှင့် ဘွဲ့လွန်သင်တန်းကျောင်း (Graduate School) တစ်ခု၊ ပတ်ဝန်းကျင်ဆိုင်ရာ ကောလိပ် (College of Environment) တစ်ခုရှိပါသည်။ စိုက်ပျိုးရေးမဟာဌာန (Faculty of Agriculture)အောက် တွင် ဌာနကိုးခု (လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ မြေဆီလွှာ သိပ္ပံ၊ ကိမိလဗေဒ၊ အပင်ရောဂါဗေဒ၊ စိုက်ပျိုးရေးပညာပေး ရေး၊ အိမ်တွင်းမှုစီးပွားရေး၊ စက်မှုလယ်ယာ၊ မွေးမြူရေး သိပ္ပံ)နှင့် သုတေသနစင်တာနှစ်ခု (စိုက်ပျိုးစီးပွားရေးနှင့် ကျေးလက်ဒေသလေ့လာရေး) ရှိပါသည်။ ။
စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုပညာမဟာဌာန (Faculty of Business Administration) တွင် ဌာနငါးခု (ဘဏ္ဍာရေးနှင့်ငွေကြေး၊ စီမံခန့်ခွဲရေး၊ လုပ်ငန်းလည်ပတ်မှု၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ငွေစာရင်း) ရှိပါသည်။ ငါး လုပ်ငန်းဆိုင်ရာမဟာဌာန (Faculty of Fisheries)တွင် ဌာနငါးခု (ငါးလုပ်ငန်းစီမံခန့်ခွဲမှု၊ ငါးဆိုင်ရာဇီဝဗေဒ၊ ငါး ထုတ်ကုန်များ၊ ငါးပုစွန်မွေးမြူရေး၊ အဏ္ဏဝါသိပ္ပံဗေဒ)ရှိပါသည်။ လူမှုရေးဆိုင်ရာမဟာဌာန (Faculty of Humanities) တွင် ဌာနရှစ်ခု (လူမှုဆက်သွယ်ရေးသိပ္ပံ၊ ဒဿနိကဗေဒနှင့် ဘာသာရေး၊ နိုင်ငံခြားဘာသာများ၊ ထိုင်းဘာသာရပ်၊ ဘာသာဗေဒ၊ ရသစာပေ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ဂီတ) ရှိပါသည်။ သစ်တောသိပ္ပံမဟာဌာန (Faculty of forestry)တွင် ဌာနခြောက်ခု (သစ်တောစီမံခန့်ခွဲမှု၊ သစ်တောဇီဝဗေဒ၊ သစ်တောထွက်ပစ္စည်းများ၊ သစ်တော စိုက်ပျိုးခြင်း၊ သစ်တောအင်ဂျင်နီယာ၊ သစ်တောများ ထိန်းသိမ်းမှု)ရှိပါသည်။
သိပ္ပံမဟာဌာန (Faculty of Science) တွင် ဌာန ၁၃ ခု (သင်္ချာ၊ ဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ဇီဝဓာတုဗေဒ၊ ရုက္ခ ဗေဒ၊ ဗီဇပညာ၊ ရူပဗေဒ၊ အသုံးချဓာတ်ရောင်ခြည်သိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ ဘူမိဗေဒ၊ စာရင်းအင်းပညာ၊ သတ္တဗေဒ၊ ရုပ်ဒြပ်သိပ္ပံ) ရှိပါသည်။ အင်ဂျင်နီယာမဟာဌာန (Faculty of Engineering) တွင် ဌာန ၁၁ ခု (လေကြောင်းအင်ဂျင် နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ၊ ရေအရင်းအမြစ်အင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာ၊ ဒြပ်ထုအင်ဂျင်နီယာ၊ ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာ၊ လျှပ်စစ်စက်မှု ထုတ်လုပ်မှုအင်ဂျင်နီယာ) ရှိပါသည်။ ။
ပညာရေးမဟာဌာန (Faculty of Education) တွင် ဌာနှငါးခု (သင်ပြနည်းပညာ၊ ပညာရေးစိတ်ပညာ၊ ပညာရေး နည်းပညာ၊ အားကစားပညာရေး၊ လုပ်ငန်းခွင်ပညာရေး) နှင့် လေ့ကျင့်ရေးကျောင်းသုံးခု (ပညာရေးသုတေသနနှင့် ဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာပညာရေး၊ ဘာသာရပ်ပေါင်းစုံ လေ့လာသင်ယူရေး) ရှိပါသည်။ စီးပွားရေးပညာမဟာဌာန (Faculty of Economics)တွင် ဌာနလေးခု (စီးပွားရေးပညာ၊ စိုက်ပျိုးစီးပွားရေးနှင့် သဘာဝအရင်းအမြစ်၊ သမဝါယမသိပ္ပံ) နှင့် သုတေသနစင်တာသုံးခု (အသုံးချစီးပွားရေး၊ စာကြည့်တိုက်၊ သမဝါယမစီးပွားရေး) ရှိပါသည်။ ဗိသုကာ ပညာမဟာဌာန (Faculty of Architecture)တွင် ဌာန လေးခု (အဆောက်အဦဗိသုကာ၊ မြေယာအလှပြုပြင်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဆောက်လုပ်ရေးနည်းပညာ ရှိပါသည်။
လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Science) ဌာနခြောက်ခု (စိတ်ပညာ၊ ဥပဒေ၊ သမိုင်း၊ ပထဝီ၊ နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့အုပ်ချုပ်ရေး၊ လူမှုရေးပညာနှင့် မနုဿဗေဒ)တို့ ပါဝင်ပါသည်။ တိရစ္ဆာန်မွေးမြူရေး ဆေးပညာ မဟာဌာန (Faculty of Veterinary Medicine) တွင် ဌာနကိုးခု (ခန္ဓာဗေဒ၊ ကာကွယ်ဆေး ပညာ၊ ကပ်ပါးဗေဒ၊ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ ဆေးလက်တွေ့ပညာ၊ ဇီဝကမ္မဗေဒ၊ ပြည်သူ့ကျန်းမာရေး၊ မွေးမြူနည်းဆိုင်ရာ ထုတ်လုပ်မှု)တို့ ပါဝင်ပါသည်။
စိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆိုင်ရာ မဟာဌာန (Faculty of Agro-Industry)တွင် ဌာနခြောက်ခု (ထုပ်ပိုးမှု နည်းပညာ၊ ဇီဝနည်းပညာ ထုတ်ကုန်တိုးတက်ရေး၊ အထည်အလိပ်သိပ္ပံ၊ အစားအသောက်သိပ္ပံနှင့် နည်းပညာ၊ စိုက်ပျိုးစက်မှုနည်းပညာ) တို့ ပါဝင်ပါသည်။ တိရစ္ဆာန် ဆေးဝါးဆိုင်ရာ နည်းပညာဌာနတစ်ခု ပါဝင်ပါသည်။ ပတ်ဝန်းကျင် ဆိုင်ရာမဟာဌာန (Faculty of Environment) တွင် ဌာနနှစ်ခု (ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ပတ်ဝန်းကျင်သိပ္ပံ) ရှိပါသည်။ တက္ကသိုလ်၏ ဘွဲ့လွန်ကျောင်းသားကျောင်းသူများ (ဘွဲ့လွန်ဒီပလိုမာ၊ မဟာသိပ္ပံ၊ မဟာဝိဇ္ဇာ၊ ( ပါရဂူဘွဲ့)များအတွက် ဘွဲ့လွန်သင်တန်းကျောင်း (The Graduate School)က ကြီးကြပ်ကွပ်ကဲပါသည်။
ကင်ပန်ဆန်နယ်မြေ (KamphaergSaen Campus) တွင်တော့ မဟာဌာနငါးခု (စိုက်ပျိုးရေး၊ အင်ဂျင်နီယာ၊ အားကစားသိပ္ပံ၊ လူမှုရေးဝိဇ္ဇာနှင့်သိပ္ပံ၊ ပညာရေးနည်းပညာ နှင့် မွေးမြူဆေးပညာ) တို့ ဖြစ်ပါသည်။ ဆခုန်နခွန်နယ်မြေ (Sakon Nakhon Campus) တွင်တော့ မဟာဌာနလေးခု (သဘာဝအရင်းအမြစ်နှင့် စိုက်ပျိုးထုတ်ကုန် နည်းပညာ၊ သိပ္ပံနှင့်အင်ဂျင်နီယာ၊ အနုဝိဇ္ဇာနှင့် စီမံခန့်ခွဲရေး၊ ပြည်သူ့ကျန်းမာရေး) တို့ဖြစ်ပါသည်။ ဆရာချ နယ်မြေ (Sri Racha Campus) တွင် မဟာဌာနလေးခု (စီမံခန့်ခွဲရေး၊ အင်ဂျင်နီယာသိပ္ပံ၊ စီးပွားရေး)နှင့် အပြည်ပြည်ဆိုင်ရာ အဏ္ဏဝါသိပ္ပံကောလိပ်တို့ရှိပါသည်။ ကျောင်းသားကျောင်းသူများ အားကစားသိပ္ပံ (Sport Science) ကို လေ့လာသင်ယူလိုပါက ကင်ပန်ဆန်နယ်မြေ ကာယ တက္ကသိုလ်တွင် သွားရောက်သင်ကြားရပြီး ပြည်သူ့ ကျန်းမာရေးပညာ (Public Health) ကို လေ့လာသင်ယူလိုပါက ဆခုန်နခွန်ပြည်နယ်ကို သွားရောက်သင်ယူရမည် ဖြစ်ပါသည်။ ။
တက္ကသိုလ်လွတ်လပ်စွာ စီမံခန့်ခွဲမှုအတွက် အဓိက မောင်းနှင်အားမှာ တက္ကသိုလ်၏ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများကို ကက်ဆက်ဆပ်တက္ကသိုလ်ကောင်စီ (Kasetsart University Council) က ထိန်းသိမ်းကြီးကြပ် လမ်းညွှန်မှုပြုလုပ်ပါသည်။ ကောင်စီတွင်ဥက္ကဋ္ဌအပါအဝင် ပြင်ပပုဂ္ဂိုလ် ၁၅ ဦးကလည်းကောင်း၊ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခများ ၁၃ ဦး စုစုပေါင်း ၂၉ ဦးပါ ကောင်စီ အဖွဲ့ဝင်များက တစ်လတစ်ကြိမ် အစည်းအဝေးပြုလုပ်ကာ ပါမောက္ခချုပ်၏ လစဉ်စီမံခန့်ခွဲမှုကို ကြီးကြပ် ကွပ်ကဲပါသည်။
ကောင်စီက မူဝါဒပိုင်းကိုချမှတ်ပေးပြီး ပါမောက္ခချုပ်နှင့်အဖွဲ့က အကောင်အထည်ဖော်ပါသည်။ ကက်ဆက် ဆပ်တက္ကသိုလ် ပါမောက္ခချုပ်တွင်လည်း ဒုတိယ ပါမောက္ခချုပ်များ၊မဟာဌာနမှူးများ၊ ပညာရေးကော်မတီ၊ အုပ်ချုပ်ရေးကော်မတီ၊ အထောက်အကူပြုကော်မတီ၊ ဝန်ထမ်းပေါင်းစုံ ဆီးနိတ်အဖွဲ့ (Staff Senate)တို့ ဝန်းရံပါဝင်ပြီး အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး ကိစ္စများကို လုပ်ဆောင်ပါသည်။
ကျွန်တော်၏သူငယ်ချင်း တာဝန်ယူနေသော နခွန် ပနုံတက္ကသိုလ်(NakhonPhanom University) တွင်ကောင်စီဥက္ကဋ္ဌ အပါအဝင် ၁၉ ဦးရှိပါသည်။ အဖွဲ့ဝင် မဂဏန်း ထားရခြင်းမှာ လိုအပ်ပါက မဲခွဲဆုံးဖြတ်ရန်ဖြစ်သည် ဟူ၍ပြောပါသည်။ ဥက္ကဋ္ဌဖြစ်သူမှာ လူအများလေးစားသူ၊ နာမည်ရှိသူ၊ အုပ်ချုပ်ရေးကျွမ်းကျင်သူနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်း စီမံခန့်ခွဲရေးများ ကျွမ်းကျင်သူဖြစ်ပြီး ထိုသူအား ရွေးချယ်တင်မြှောက်ရပါမည်။ ကောင်စီ၏ သက်တမ်းမှာ တက္ကသိုလ်သက်တမ်းနှင့် မတူပါ။ ဥပမာ တက္ကသိုလ်ပါမောက္ခချုပ်ကို ရွေးချယ်ရမည်ဆိုလျှင် ပါမောက္ခချုပ်သက်တမ်းသည် လေးနှစ်ဖြစ်ပါက ကောင်စီသည် ငါးနှစ်တစ်ကြိမ် ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ ကောင်စီအဖွဲ့ဝင်ထဲမှ သင့်တော်သူကို ပါမောက္ခချုပ်အဖြစ် ရွေးချယ်တင်မြှောက်ရပါမည်။ အားလုံးလျာထားပြီးပါက အစိုးရအဖွဲ့နှင့် ထိုင်းဘုရင်က အတည်ပြုထုတ်ပြန်သည်ဟု ပြောပါသည်။
ပြင်ပမှ ကောင်စီအဖွဲ့ဝင်များမှာ အငြိမ်းစားပါမောက္ခချုပ်များ၊ အငြိမ်းစားပါမောက္ခများ၊ အငြိမ်းစားအုပ်ချုပ် ရေးမှူးများ၊ ဒေသအစိုးရမှ အဖွဲ့ဝင်များဖြစ်ကြရပါမည်။ ထိုကဲ့သို့ တက္ကသိုလ်ကောင်စီနှင့် ပါမောက္ခချုပ်အဖွဲ့တို့ အပြန်အလှန်ထိန်းကျောင်းရင်း(Check and Balance)ဖြင့် မြန်မာနိုင်ငံတက္ကသိုလ်များ လွတ်လပ်စွာစီမံခန့်ခွဲရေး (Autonomous University System)ကို စနစ်တကျ ပြုလုပ်ရင်း နိုင်ငံတကာအဆင့်ရောက် တက္ကသိုလ်များအဖြစ် တက်လှမ်းနိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။ ။
မြန်မာ့အလင်း