ကိုယ်ပိုင်အစီအစဉ်ဖြင့် ခရီးသွားမည့်သူများ အွန်လိုင်းမှ ခရီးသွား အာမခံ ဝယ်ယူနိုင်

နေပြည်တော် ၉ ဖေဖော်ဝါရီ

 

ခရီးသွားရာသီ ရောက်ရှိလာခဲ့ပြီး လာမည့်ပိတ်ရက်အတွင်း မိမိအစီအစဉ်ဖြင့် ခရီးသွားကြမည့် သူများအတွက် ခရီးသွားအာမခံကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

“နိုင်ငံတကာမှာလည်း ရှိပါတယ်။ အချို့တိုင်းပြည်တွေဆိုရင် ခရီးသွား အာမခံ ဝယ်မထားရင် နိုင်ငံထဲ ပေးမဝင်တာတောင် ရှိပါတယ်။ မတော်တဆဖြစ်မှုဆိုတာ ကြိုတင် မသိမြင်နိုင်တာကြောင့် ကိုယ်ပိုင် ခရီးသွား သူတွေအတွက် စိတ်ချရအောင် ခရီးသွား အာမခံ ထားသင့်တယ်။ ကျွန်တော်တို့ ဆီမှာလည်း ခရီးသွားရင်း မတော်တဆဖြစ်မှုတွေ ဖြစ်ပွားတဲ့အခါ ဆုံးရှုံးနစ်နာမှုတွေကာမိအောင် အခုနောက်ပိုင်းမှာ ခရီးသွား အာမခံကို ထားလာကြတယ်”ဟု ဂျီဂျီအိုင် အာမခံမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

 

ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းမှ မြန်မာ့အာမခံ လုပ်ငန်းနှင့် သဘောတူညီမှုများ ရယူထားပြီး ယခုအခါ တစ်နှစ်လျှင် ခရီးသွား အာမခံထားရှိသူ ဦးရေမှာ ရှစ်သိန်းကျော်အထိ ရှိလာကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးကြီးက ပြောကြားသည်။ ခရီးသွားအာမခံကို တစ်ယူနစ်မှ ဆယ်ယူနစ်အထိ ဝယ်ယူနိုင်ပြီး မတော်တဆ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားပါက ငွေကျပ်ငါးသိန်းအထိ ပေးလျော်ကြောင်း သိရသည်။

 

“လိုင်းကားတွေ၊ အဝေးပြေးကားတွေမှာတော့ ခရီးသွား အာမခံ ပါပြီးသားလေ။ ဒါပေမယ့် ကိုယ်ပိုင်ကားနဲ့ ခရီးသွား ကြမယ်ဆိုရင်တော့ ခရီးသွားအာမခံ လုပ်ထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အွန်လိုင်းက ရောင်းချပေးနေပြီး ဂျီဂျီအိုင် အာမခံနဲ့ ဘီအန်အက်ဖ် အိပ်စ်ပရက်စ်တို့ ပူးပေါင်းပြီး ပိတ်ရက်မှာ ခရီးသွားကြမယ့် သူတွေကို ရောင်းချပေးနေပါတယ်”ဟု ဘီအန်အက်ဖ်မှ အရောင်းတာဝန်ခံက ရှင်းပြသည်။

 

ခရီးသွား အာမခံထားခြင်းဖြင့် ခရီးစဉ်အစမှ အဆုံးအထိ အာမခံလက်မှတ် ဝယ်ယူထားသည့် ခရီးသည်များသည် စီးနင်းလိုက်ပါလာသည့် ယာဉ်ကြောင့်ဖြစ်စေ၊ အာမခံထားသူ၏ မတော်တဆ ဖြစ်ရပ်များကြောင့်ဖြစ်စေ၊ အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများအတွက် အသက်ဆုံးရှုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူထံ လွှဲပြောင်းပေးသူကို ငွေကြေးထုတ်ပေးခြင်း၊ ထာဝစဉ် မသန်စွမ်းဖြစ်လျှင် ထာဝစဉ် မသန်စွမ်းဖြစ်မှု ရာခိုင်နှုန်း အချိုးအတိုင်း ဝယ်ယူသည့် ယူနစ်အလိုက် ပေးလျော်မည်ဖြစ်ပြီး ၁၀ဝ ရာခိုင်နှုန်း ထာဝစဉ် မသန်စွမ်းဖြစ်ပါက လျော်ကြေးကို အာမခံထားငွေ အပြည့်အဝ ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ခင်ရတနာ