မြစ်သား ၂၄ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ဖိုးအင်ရွာတွင် ရွာလုံးကျွတ် ကိုယ်ပိုင်အသိဖြင့် သဘာဝသစ်တောထိန်းသိမ်းကာ ရေထွက်ကောင်းစေရန်ပြုလုပ်ရာ စိုက်ပျိုးရေဖူလုံကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဖိုးအင်ကျေးရွာတွင် အစဉ်အဆက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရပ်မိရပ်ဖများက သစ်ပင်ခုတ်ခြင်းများကို ကန့်သတ်ထားပြီး ထင်းခြောက်များကိုသာ ခုတ်ယူခွင့်ပြုထားသည်။ စည်းကမ်းဖောက်ကာ သစ်ပင်ခုတ်ခြင်းများ၊ ထင်းခုတ်ခြင်းများပြုလုပ်ပါက ဒဏ်ငွေရိုက်ကာ သစ်ပင်သစ်တောများ မပြုန်းတီးစေရန် ပြုလုပ်ထားသည်။ ဖိုးအင်ရွာမှာ ဖိုးအင်ရေထွက်ကို အခြေပြုကာ စိုက်ပျိုးရေးပြုလုပ်ရသော ရွာဖြစ်ပြီး လွန်ခဲ့သော ၁၄ နှစ်ကျော်က ဖိုးအင်တောင်ပေါ်ရှိ သစ်ပင်များကိုခုတ်ကာ အခြားဒေသမှ မီးသွေးလာရောက်ဖုတ်သည့်အတွက် သစ်တောပြုန်းသွားခဲ့ဖူးသည်။ သစ်တောပြုန်းသွားသည့်အတွက် ဖိုးဝင်ရေထွက်မှ တောင်ကျရေထွက်နည်းသွားကာ တောင်ကျရေခွဲဝေသုံးသည့် ကျေးရွာများမှ တောင်သူများ ရန်ဖြစ်သည်အထိ ရှိခဲ့ဖူးသည်။ ဖိုးအင်ရေထွက်မှ ရေကို ဖိုးအင်းရွာ၊ ကန်ဆည်၊ ပိန္နဲပင်ရွာနှင့် အခြားရွာများက အသုံးပြုကြသည်။ နွေရာသီရေထွက်နည်းချိန်တွင် ဒေသအခေါ်ပင်းနား(အတား) တစ်ခုဖြင့် တားကာ ခွဲဝေယူကြသည်။
သစ်တောကို လွန်ခဲ့သော ၁၇ နှစ်မှစတင်ကာ တစ်ရွာလုံးစုပေါင်း၍ သစ်တောထိန်းသိမ်းခြင်းကို ပြုလုပ်ခဲ့ကြသည်။ သစ်တောပြန်လည် ဖြစ်ထွန်းလာခြင်းနှင့်အတူ ဖိုးအင်ရေထွက်မှာ ရေထွက်ကောင်းလာသည့်အတွက် နွေမိုးဆောင်း စိုက်ပျိုးရေ ဖူလုံသွားသည်။ လက်ရှိကာလတွင် ဖိုးအင်ကျေးရွာနဘေးရှိ ဖိုးအင်တောင်ပေါ်တွင် သစ်ပင်သစ်တော ထူထပ်လျက်ရှိရာ ဖိုးအင်ရေထွက်မှရေကို အသုံးပြုကာ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်ပြီး တာဘိုင်များဖြင့် ကိုယ်ပိုင်အိမ်သုံးလျှပ်စစ်များ ထုတ်ယူသုံးစွဲခြင်းများ ပြုလုပ်လာနိုင်ခဲ့သည်။ ကိုယ်ထူကိုယ်ထ ကိုယ်ပိုင်အသိဖြင့် သဘာဝသစ်တောကို ဝိုင်းဝန်းထိန်းသိမ်းကာ ရေထွက်ကောင်းအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် စိုက်ပျိုးရေ တစ်နှစ်ပတ်လုံး ဖူလုံကာ စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။
တိမ်တမန်


