နေပြည်တော် ၁၁ ဩဂုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများအား အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များ၊ ငြိမ်းချမ်းရေးကော်မရှင် ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ အချက်အလက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် JICM ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်အလက်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့မှုများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကျင်းပခဲ့မှုများ၊ NCA နိုင်ငံရေးလမ်းပြမြေပုံ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဖွဲ့စည်းထားမှု၊ ရည်ရွယ်ချက်နှင့်အခြေခံမူများ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များ၊ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် “နာဂ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ “ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ “ပအိုဝ်း” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ “ပလောင်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်(ခ)ဦးအိုက်မိန်း၊ “ကိုးကန့်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးရန်ကျော်တို့က တိုင်း၊ ဒေသအလိုက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ၊ ငြိမ်းချမ်းရေး၊ အလုပ်အကိုင်ရရှိရေး၊ စီးပွားရေးနှင့် ကျန်းမာရေး၊ ဘဏ္ဍာငွေ ဖြည့်ဆည်းပေးရေး၊ မှတ်ပုံတင် ပြုလုပ်ပေးရေးကိစ္စနှင့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ယနေ့ဆွေးနွေး တင်ပြချက်များကို ထပ်မံတင်ပြပေးသွားမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ NRPC သို့ ပေးပို့တင်ပြနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အပါအဝင် အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသို့ ပေးပို့တင်ပြနိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများအတွက် ဝန်ထမ်းရေးရာကိစ္စ၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက တိုင်းရင်းသားဒေသများမှ ကလေးငယ်များ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် ဒီဂရီ ကောလိပ်များနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ တက်ရောက်သင်ကြားနိုင်ရေး ညှိနှိုင်းပေးမည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
သတင်းစဉ်