၇  မတ်


ထိုင်းနိုင်ငံသား(၄၈)ဦး ပါဝင်သည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် ကိုယ်ပိုင်မော်တော်ယာဉ် ၁၄ စီးဖြင့် မတ် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ထီးခီး-ထားဝယ် - မောင်းမကန်ကမ်းခြေ - ထီးခီး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်ခဲ့ကြပြီးနောက် ထီးခီးနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။


အဆိုပါ နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Kaung Hein Shwe Sin International Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် လာရောက်လည်ပတ်ခဲ့ကြခြင်း ဖြစ်သည်။


မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်း၊ ဘက်ပေါင်းစုံမှ ဖြေလျော့ဆောင်ရွက်မှုများနှင့် ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် ခရီးစဉ်များအား အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ရေး အထူးကြိုးပမ်း ဆောင်ရွက်လျက် နေသည်။


ယင်းကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် နိုင်ငံတကာမှ ခရီးသွားဧည်သည်များသည် လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်ကာ မြန်မာနိုင်ငံအတွင်းရှိ တောတောင်ရေမြေ သဘာဝအလှအများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို နှစ်စဉ်နှင့်အမျှ လာရောက်လည်ပတ်လေ့လာလျက် ရှိနေသည်။


MDN

 

1