၂၄ သြဂုတ်
ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးအဖြစ် ပထမဆုံး ခေါင်းဆောင်မင်းသား နေရာကနေ ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် "သူ့ထက်ကဲ" ရုပ်ရှင်ဇာတ်ကားအပြီး ဆက်လက်ထုတ်လုပ်ရန် ငွေကြေးပိုင်း အခက်အခဲ တွေ့ခဲ့ရကြောင်း ဆိုလာသူကဖြင့် ယနေ့ခေတ် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်နေသူ သရုပ်ဆောင် ညီထွဋ်ခေါင်ပဲ ဖြစ်သည်၊ ညီထွဋ်ခေါင် အနေဖြင့် ဇာတ်ကားများ ကိုယ်ပိုင်ထုတ်လုပ် ရိုက်ကူးချင်သော်လည်း ဈေးကွက်အနေအထားအရ မိမိအနေဖြင့် အဓိကနေရာတွင် သရုပ်ဆောင်မှုကို ပရိသတ်အကြိုက်တွေ့မှု နည်းပါးနေခြင်း ဟု ထင်မြင်ယူဆထားကြောင်း သိရသည်။
"ကျွန်တော့်ကိုပဲ ပရိသတ်လက်ခံအားပေးမှုက နည်းနေသေးတာလား၊ လက်မခံသေးတာလားဆိုတာ သေချာတောင်မသိတော့ပါဘူးဗျာ၊ ဇာတ်ပို့ အနေနဲ့ပဲ ပရိသတ်က လက်ခံနေတာလည်း ဖြစ်နိုင်ပါတယ်၊ နောက်တစ်ခုက အခုဆိုကျွန်တော် ကိုယ်တိုင် ရင်ဆိုင်နေရတာတွေ ရှိတယ်လေ၊ အဲဒါကတော့ ရုံအဆင့်ခွဲခြားပြီး ဇာတ်ကားတွေ ပြသမှုစနစ်ကြောင့်ပါပဲ ၊ ဇာတ်ကားတွေ ရုံမတင်နိုင်တာ အများကြီးပါ၊ အဲဒါလည်း ကျွန်တော်အထင် နောက်မှာ ပုံအောနေတဲ့ကားတွေအများကြီး ၊ အဲ့လိုမျိုးသာဆို ကျွန်တော်တို့ အသစ်တွေ အနေနဲ့ ဒီနည်းအတိုင်းသာ ဆက်သွားမယ်ဆို လုံးဝ အဆင်မပြေနိုင်ဘူးလို့ ထင်ပါတယ်။ ရုပ်ရှင်ကလည်း သူ့အတွက်အဆင်ပြေတဲ့ ကားမျိုးပဲ သူရွေးပြမှာပဲလေ ၊ အဲတော့ ကျွန်တော်တို့လို့ သရုပ်ဆောင်အသစ်တွေ အတွက်လည်း ဘယ်လိုနည်းတွေနဲ့ ပရိသတ်ထံ အမြန်ရောက်နိုင်မလဲဆိုတာ စဉ်းစားဖို့ လိုနေပါပြီ" ဟု ပြောဆိုသည်။
ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများ အနေဖြင့် အပြိုင်အဆိုင်အဖြစ် ပြသရသည့်အတွက် တစ်ချိန်က မလုပ်ဘူးသော ပရိုမိုးရှင်း ပုံစံများကိုပါ ထုတ်လုပ်သူများ အနေဖြင့် ပြုလုပ်လာသည်များကို တွေ့ရှိနေရပြီး ၊ အင်အားကြီး သရုပ်ဆောင်များ မသုံးစွဲနိုင်သော ထုတ်လုပ်ရေးများ အနေဖြင့် "အရမ်းကို စိုးရိမ်နေရတဲ့ ဈေးကွက်တစ်ခုပါ၊ယှဉ်ပြိုင်ကြတဲ့အခါ အစောက ကျွန်တော်ပြောသလို အသစ်တွေပဲ နောက်ဆုံး ရှုံးရတာပါပဲ၊ ထုတ်လုပ်သူ အနေနဲ့လည်း ဇာတ်ကားရိုက်ကူးပြီးရုံနဲ့ မရပါဘူး၊ ပရိုမိုးရှင်းတွေလုပ်ရ၊ ရုံတင်ရက်ရဘို့ (၃) ရက်လောက် စောင့်ရတာတွေရှိလာတယ် ၊ အရင်ကဆို သရုပ်ဆောင်တွေ အနေနဲ့ ဗီဒီယို ဇာတ်ကားတွေရှိနေတော့ ပြောဖူးတဲ့ စကားရှိတယ် "ဗီဒီယိုသက် တစ်မနက်" ဆိုပြီး ပြောဖူးတယ် ၊ အဲဒီနေ့ထွက်တဲ့ ဗီဒီယိုကားက ထုတ်လုပ်သူတွေအတွက် တစ်ရက်တည်းနဲ့ကိုက်တယ် မနက်ထွက်ပြီးတာနဲ့ ညနေဆို ပရိသတ်လက်ထဲ ရောက်နေပြီ၊ အခုဆို ရုပ်ရှင်အသက် (၃) ရက် လို့တောင် တင်စားနေရပြီ ၊ အဲ့လိုဆို ရုပ်ရှင်လောက အင်မတန် စိုးရိမ်စရာဖြစ်နေပါပြီ" ဟု ဆိုသည်။
သရုပ်ဆောင် ညီထွဋ်ခေါင် အနေဖြင့် လတ်တလောတွင် "နာနာဘာဝချစ်သူ" ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားပြီး ၊ ဇာတ်ကားများကိုလည်း မိမိ၏နေရာ မပျောက်ရန်အတွက် ရိုက်ကူးနေရကြောင်း သိရသည်။
ကိုလင်း