၁၃ ဇူလိုင်
ကျော်ကြားတဲ့ ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ “Kardashian clan” ရဲ့ ပင်တိုင်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ကာဒါးရှီးရန်း မျိုးဆက်ရဲ့ အသက်အငယ်ဆုံးလည်းဖြစ်တဲ့ ခိုင်လီဂျန်နာဟာ အမေရိကန်ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ဘီလျံနာဖြစ်လာတဲ့ အသက်အငယ်ဆုံးသော အမျိုးသမီးဖြစ်လာခဲ့ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဖော်ဘီမဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေကို ကိုးကားကာ အေးရှားဝမ်း ဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။
ငယ်ရွယ်ပြီး ကလေးမိခင်တစ်ဦးဖြစ်တဲ့ အသက် ၂၀ အရွယ် ခိုင်လီဂျန်နာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သမီးလေးစတောင်မီကို မွေးဖွားခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က အလှကုန်ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီက လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ သန်း ၆၃၀ ဖိုး ရောင်းချခဲ့ရပြီး ဖြစ်တယ်လို့ ဖော်ဘီမဂ္ဂဇင်းပါ အချက်အလက်များအရ သိရပါတယ်။
ယင်းမဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ခိုင်လီဂျန်နာရဲ့ ကုမ္ပဏီဟာ လက်ရှိမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ခန့် တန်နေပြီဖြစ်ကာ သူ့ရဲ့ရုပ်သံအစီအစဉ်နဲ့ အခြားသော ဝင်ငွေတွေကိုစုစည်းလိုက်ပါက သူဟာလက်ရှိမှာ အမေရိကန် ဒေါ်လာ သန်း ၉၀ဝ ခန့် ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ခိုင်လီဂျန်နာဟာ ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂၉ ဒေါ်လာနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ နှုတ်ခမ်းပုံဖော်ပေးရာကနေ လိုက်ဖက်တဲ့ နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းလိုင်နာတွေကိုပါ စမ်းသပ် ရောင်းချရင်း နောက်ပိုင်းမှာတော့ မိတ်ကပ်တွေပါ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
စီးပွားရေးမှာလည်း အောင်မြင်မှုတွေ ရလာတဲ့ ခိုင်လီဂျန်နာဟာ အမေရိကန်မှာ ကိုယ်ပိုင်ဝင်ငွေအရ ချမ်းသာလာသူတွေအနက် ယခုနှစ်ရဲ့ အသက်အငယ်ဆုံးသော အမျိုးသမီး ဘီလျံနာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူရဲ့နောက်နှစ်ဝင်ငွေကို ခန့်မှန်းပြီး သူဟာ လာမယ့်နှစ်မှာတော့ အသက်အငယ်ဆုံးသော ဘီလျံနာအဖြစ် မှတ်တမ်းဝင်နိုင်မှာ ဖြစ်တယ်လို့လည်း အဆိုပါမဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။ လက်ရှိမှာတော့ အသက်အငယ်ဆုံးသော ဘီလျံနာအဖြစ် ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မက်ခ်ဇူကာဘက်ချ်က အသက် ၂၃ နှစ်အရွယ်မှာ စံချိန်တင်ထားတာ ဖြစ်ပါတယ်။
အေးပြည့်