၁၇  ဖေဖော်ဝါရီ

 

ကျန်းမာတဲ့ ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အစားအသောက်ကို သေချာလေးဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို ဂရုစိုက်ပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာပျော်ရွှင်စေမှာဖြစ်တာကြောင့် မေမေတစ်ယောက် အနေနဲ့ ကိုယ်ဝန်ဆောင် ကာလမှာ အာဟာရပြည့်ဝစွာ စားသုံးဖို့လိုပါမယ်။ ဒီတော့ အာဟာရပြည့်ဝအောင် ဘာတွေစားရမလဲလို့ သိချင်နေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်ဝဖို့လိုမယ့် အာဟာရဓာတ်တွေက ဘာတွေများလဲ……

 

ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ဆိုရင်

 

•           ဗီတာမင် A

•           ဖောလိတ်

•           ဗီတာမင် B12

•           ဗီတာမင် C

•           ဗီတာမင် K

•           ဗီတာမင် D

•           သံဓာတ်

•           ကယ်လ်ဆီယမ်

•           အိုင်အိုဒင်း

•           ဇင့်

•           မဂ္ဂနီဆီယမ်

•           ဆီလီနီယမ်

•           Omega-3 တို့ကို လိုအပ်ပါတယ်။

 

မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ဘာတွေစားမလဲ………

 

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝမှ မေမေရော ဘေဘီလေးပါကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစေဖို့အတွက် မေမေ့အနေနဲ့ ဒါလေးတွေ စားပေးတာက အသင့်တော်ဆုံး ဖြစ်မှာပါ။

 

နို့ထွက်ပစ္စည်းတွေ

 

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသား အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ပရိုတင်း နဲ့ ကယ်လ်ဆီယမ် ပြည့်ဝလုံလောက်ဖို့ လိုပါမယ်။ နို့ထွက်ပစ္စည်းအများစုမှာ အရည်အသွေးမြင့် ပရိုတင်းတွေ ပါဝင်နေတာကြောင့် မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်မှာပါ။ ဒါ့အပြင် နို့ထွက်ပစ္စည်းတွေမှာ ကိုယ်ဝန်ဆောင်မေမေရော ဗိုက်ထဲက ဘေဘီလေးအတွက်ပါ လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ် နဲ့ ဇင့်တို့ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်၊ ချိစ်တို့ကို စားပေးလို့ရပါတယ်။ ဒီလိုစားသုံးပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဓာတ်မတည့်မှုဖြစ်တာနဲ့ ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်တာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

 

ပဲအမျိုးမျိုး

 

ပဲအမျိုးမျိုးဆိုတဲ့ အထဲမှာ ပဲနီလေး၊ ကုလားပဲ၊ ပဲပိစပ်၊ မြေပဲတို့ အားလုံးပါဝင်နေပါတယ်။ ပဲအမျိုးမျိုးမှာ အပင်ကနေရရှိတဲ့ အမျှင်ဓာတ်၊ ပရိုတင်း၊ စသံဓာတ်၊ ဖောလိတ် နဲ့ ကယ်လ်ဆီယမ်တို့လိုမျိုး ကိုယ်ဝန်ဆောင် မိခင်အတွက် လိုအပ်မယ့် အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ဗီတာင်မင် B အုပ်စုဝင်တစ်မျိုး ဖြစ်တဲ့ ဖောလိတ်က ကိုယ်ဝန်ဆောင်ကာလမှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့ မဖြစ်မနေလိုအပ်ပါတယ်။

 

ဖောလိတ်ပြည့်ဝမှုက ပေါင်မပြည့်တဲ့ ကလေးမွေးဖွားတာ၊ အာရုံကြောဖွံ့ဖြိုးမှု အားနည်းတဲ့ ဘေဘီလေး မွေးဖွားတာမျိုး မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဘေဘီလေးကို မွေးရာပါ ချို့ယွင်းချက် မရှိစေဖို့ဆိုရင် ဖောလိတ်ပြည့်ဝအောင် စားသုံးပေးလို့ရပါတယ်။

 

ကန်စွန်းဥ

 

ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ ဗီတာမင် A အဖြစ်ပြောင်းလဲသွားပြီး ဘေဘီလေးရဲ့ ဆဲလ်တွေ တစ်ရှူးတွေကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုကလည်း မေမေ့ကို အဆာခံနိုင်စေပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုမဖြစ်အောင် ထိန်းညှိပေးနိုင်သလို အစာခြေ စနစ်ကို ကျန်းမာအောင်စောင့်ရှောက်ပေးပါတယ်။

 

ဆယ်လ်မွန်

 

ဆယ်လ်မွန်မှာ omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုကောင်းစေဖို့ ဉာဏ်ကောင်းတဲ့ ဘေဘီလေးအဖြစ်မွေးဖွားလာစေဖို့ မေမေတိုင်း စားပေးသင့်ပါတယ်။ ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံ အကောင်းဆုံးဖွံ့ဖြိုးစေဖို့ တစ်ပတ်ကို ၂ ကြိမ်လောက် ဆယ်လ်မွန်ငါး စားပေးသင့်ပါတယ်။

 

ဥအမျိုးမျိုး

 

ဥအမျိုးမျိုးက အာဟာရကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ ကယ်လ်လိုရီကြွယ်ဝသလို ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နောက်တစ်ချက်က ဥအမျိုးမျိုးမှာ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေပြီး ကျန်းမာရေးကောင်းစေတဲ့ Choline ကြွယ်ဝစွာပါဝင်နေပါတယ်။ ဘေဘီလေးကို ဦးနှောက် အကောင်းဆုံးဖွံ့ဖြိုးစေဖို့ စားပေးသင့်ပါတယ်။

 

ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ

 

ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဟင်းနုနွယ် တို့လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝလုံလောက်စွာပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် A၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖောလိတ် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်သလို ပေါင်မပြည့်တဲ့ ဘေဘီလေးမွေးဖွားမှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

အဆီမပါတဲ့ အသား

 

အမဲသား၊ ဝက်သား၊ ကြက်သား တွေက အရည်အသွေးမြင့် ပရိုတင်းကြွယ်ဝစွာရရှိနိုင်တဲ့ အစားအစာ အရင်းမြစ်တွေပါ။ အမဲသား နဲ့ ဝက်သားမှာ သံဓာတ်၊ choline နဲ့ ဗီတာမင် B အုပ်စုတို့ ကြွယ်ဝစွာပါဝင်နေပါတယ်။  သံဓာတ်ကြွယ်ဝမှုက သံဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ပေါင်မပြည့်တာ၊ လမစေ့ဘဲမွေးဖွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ဘယ်ရီသီးတွေ

 

ဘယ်ရီသီးမှာ ရေဓာတ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် C၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် C ကြွယ်ဝမှုက ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှု ကောင်းအောင် အားဖြည့်ပေးပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာ စေနိုင်ပါတယ်။

 

ကောက်နှံတွေ

 

ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ကယ်လ်လိုရီ လိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ပေးနိုင်တယ်။ ကောက်နှံတွေက အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေသလို ဗီတာမင် နဲ့ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင် မေမေတိုင်းအတွက်လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။

 

ထောပတ်သီး

 

ထောပတ်သီးမှာ ကိုယ်ဝန်ဆောင်မေမေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် B (အထူးသဖြင့် ဖောလိတ်)၊ ဗီတာမင် K၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဗီတာမင် E၊ ဗီတာမင် C၊ အကျိုးပြုအဆီတို့ပါဝင်နေပါတယ်။ အကျိုးပြုအဆီတွေက ဘေဘီလေးရဲ့ အရေပြား၊ ဦးနှောက် နဲ့ တစ်ရှူးတွေကို အကောင်းဆုံးတည်ဆောက်ပေးပြီး အာရုံကြောတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝမှုက ကိုယ်ဝန်ဆောင်ကာလမှာ ကြွက်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

အသီးခြောက်တွေ

 

သစ်သီးခြောက်တွေမှာ ပုံမှန်ကတော့ ကယ်လ်လိုရီပါဝင်မှုများသလို အမျှင်ဓာတ်နဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေလည်း များစွာပါဝင်နေပါတယ်။ ဖောလိတ်၊ သံဓာတ် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဝမ်းလည်းမှန်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ စပျစ်သီးခြောက်၊ စွန်ပလွံသီးယို၊ ဇီးသီးခြောက် စတာတွေကို စားပေးလို့ရပါတယ်။

 

ရေ

 

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီး ပါတယ်။ ရေဓာတ်နည်းနေတဲ့အခါ မေမေအနေနဲ့ ခေါင်းကိုက်တာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ ခြေကုန်လက်ပန်းကျတာ၊ စိတ်ခံစားမှု မကောင်းတာ၊ မေ့တတ်တာတွေဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေများများသောက်ပေးတာက ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ဆီးလမ်းကြောင်းပိုးဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”