ကိုယ်ဝန်ဆောင်ချိန်က ဆောင်ရရှောင်ရများတဲ့ကာလပေါ့။ မေမေအတွက်ရော ဘေဘီလေးအတွက်ရော အရာရာဆင်ခြင်နိုင်မှ တော်ကာကျမှာလေ။ ဒီလိုအခြေအနေမှာ ကဖင်းပါတာတောင် သောက်ဖို့သတိထားနေရတာပါ။ ဒီလိုအချိန်မှာများ မေမေက မဆင်မခြင်နဲ့ စိတ်အလိုလိုက်ပြီး ဆေးလိပ်အပါအဝင် မူးယစ်ဆေးတစ်မျိုးမျိုးကို သုံးမိတယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကတော်တော်များပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မူးယစ်ဆေးသုံးမိတဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးဆက်လေးတွေအကြောင်းပြောပြပေးပါရစေ။
မေမေတစ်ယောက်ဖြစ်လာပြီဆိုရင်
မေမေတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ်တိုင်ကျန်းမာဖို့အတွက်ရော ဗိုက်ထဲက ဘေဘီလေး ကျန်းမာဖို့အတွက်ပါ အစားအသောက် အနေအထိုင်ကအစ အစစအရာရာသတိထားရပါတယ်။ ဒီလိုသတိထားနိုင်မှ မိခင်ရောကလေးပါ အန္တရာယ်ကင်းပြီး ကျန်းမာမှာလေ။ ဒီလိုအတိမ်းအစောင်းမခံတဲ့အချိန်မှာ မူးယစ်ဆေးသုံးမိမယ်ဆိုရင် အကျိုးဆက်က ဘယ်လောက်ထိဆိုးလိုက်မလဲ။
ကိုယ်ဝန်ဆောင်မေမေ မူးယစ်ဆေးသုံးမိတဲ့အခါ
ကိုယ်ဝန်ဆောင်ချိန်မှာ မူးယစ်ဆေးသုံးတာက သန္ဓေသားကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ မေမေကဆေးလိပ်သောက်မယ်၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို သောက်မယ်ဆိုရင် ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေမှာ အသေအချာပါ။ ကိုယ်ဝန်ဆောင်ချိန်က မူးယစ်ဆေးမပြောနဲ့ ကဖင်းနဲ့ အချိုရည်တွေကိုတောင်ရှောင်သင့်တာပါ။ မွေးလာမယ့်ကလေးမျာ မွေးရာပါထိခိုက်မှုတွေဖြစ်နိုင်သလို လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာအပါအဝင် ကလေးပျက်ကျတာ၊ အသေလေးမွေးတာ၊ အချင်းကွာကျတာမျိုးဖြစ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ မိခင်ရော ကလေးပါ အသက်ဆုံးရှုံးရတာပါ။ အရက်သောက်တဲ့ မိခင်ကမွေးဖွားလာတဲ့ ကလေးငယ်တွေက အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေရှိနေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ဆေးခြောက်သုံးရင်…….
ကိုယ်ဝန်ဆောင်မေမေဆေးခြောက်သုံးတဲ့အခါ အချင်းကနေတဆင့် ဘေဘီလေးဆီရောက်သွားနိုင်ပါတယ်။ ဆေးခြောက်ကိုရှုမယ်ဆိုရင်လည်း ကလေးဆီကို ထောက်ပံ့ပေးတဲ့အောက်ဆီဂျင်ကနေတဆင့် သန္ဓေသားဆီရောက်ရှိသွားနိုင်ပါတယ်။ ဆေးခြောက်သုံးတာကြောင့် မေမေ့ရဲ့ သွေးထဲမှာ အောက်ဆီဂျင်ပါဝင်မှုနှုန်းနည်းသွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုကများလာပါမယ်။ ဒီအချိန်မှာ ဖြစ်လာမယ့် အကျိုးဆက်က သန္ဓေသားဆီ အောက်ဆီဂျင်ရောက်ရှိမှုနည်းသွားတာပါ။ သန္ဓေသားကြီးထွားဖို့အတွက် လိုအပ်သလောက် အောက်ဆီဂျင်မရရှိတဲ့အခါ ကိုယ်ဝန်ပျက်ကျတာ၊ ပေါင်မပြည့်တဲ့ကလေးမွေးဖွားတာ၊ လမစေ့ဘဲကလေးမွေးဖွားတာ၊ ဖွံ့ဖြိုးမှုနောက်ကျတာ၊ အပြုအမူပိုင်းနဲ့ သင်ယူမှုပိုင်းမှာ ပြဿနာရှိတာတွေတွေ့ရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ကိုကင်းသုံးရင်…….
ကိုယ်ဝန်ဆောင်မေမေ ကိုက်ကင်းသုံးတဲ့အခါ သွေးစီးဆင်မှုကနေတဆင့် ဘေဘီလေးဆီရောက်ရှိသွားမှာပါ။ ကိုကင်းရဲ့ အခြားမူးယစ်ဆေးတွေနဲ့မတူတာက မေမေဆီမှာ သက်ရောက်မှုနည်းပြီး ဘေဘီလေးဆီမှာ သက်ရောက်မှုအားများနေတာပါ။ ကိုယ်ဝန်အစောပိုင်းကာလမှာ ကိုကင်းသုံးမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ ကိုကင်းသုံးမယ်ဆိုရင် အချင်းကွာကျတာ၊ သွေးဆင်းတာ၊ လမစေ့ဘဲမွေးတာ၊ သန္ဓေသားသေဆုံးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ဘိန်းဖြူသုံးရင်……..
စွဲလမ်းစေတတ်တဲ့ ဘိန်းဖြူက အချင်းကနေဆင့် ကလေးဆီရောက်ရှိသွားမှာပါ။ မေမေက ကိုယ်ဝန်ဆောင်ချိန်မှာ ဘိန်းဖြူသုံးမိမယ်ဆိုရင် ပေါင်မပြည့်တာ၊ လမစေ့တာ၊ အသက်ရှုရခက်တာ၊ သွေးတွင်းသကြားဓာတ်ကျတာ၊ ဦးနှောက်ထဲမှာသွေးယိုစီးတာ၊ သန္ဓေသားသေဆုံးတာမျိုးတွေဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ မက်သာဖက်တမင်းသုံးရင်…….
ဒီဆေးက မေမေရော ဘေဘီလေးကိုပါ နှလုံးခုန်နှုန်းမြန်စေနိုင်ပါတယ်။ မက်သာဖက်တမင်းက မေမေထက် ကလေးဆီမှာ သက်ရောက်မှုများပါတယ်။ ကလေးဆီအောက်ဆီဂျင်ရောက်ရှိမှုနည်းစေနိုင်ပြီး ကလေးကို ပေါင်မပြည့်ဘဲမွေးတာမျိုးဖြစ်စေနိုင်ပါတယ်။ လမစေ့ဘဲမွေးတာ၊ အချင်းကွာတာ၊ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကလေးကမွေးဖွားလာခဲ့ရင်လည်း မအိပ်တာ၊ ကြွက်သားတွေ အကြောဆွဲတာ၊ အစားအစာကျွေးတဲ့အခါ အခက်အခဲရှိတာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးကအရွယ်ရောက်လာတဲ့အခါမှာလည်း သင်ယူမှုပိုင်းမှာ အခက်အခဲဖြစ်တာမျိုးတွေရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေတွေကက မူးယစ်ဆေးမပြောနဲ့ ကဖင်းနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကိုတောင် မခံမိအောင်နေရမယ့်အနေအထားမှာ မူးယစ်ဆေးသုံးတယ်ဆိုတာက ကိုယ်တိုင်အတွက်ရော ဘေဘီလေးအတွက်ပါ အဆိပ်အတောက်ပါ။ ဒါကြောင့် ကိုယ်ကိုကိယ်တိုင် ကိုယ့်ရင်သွေးလေးကို အဆိပ်ခတ်မိတဲ့သူမဖြစ်စေဖို့ မူးယစ်ဆေးကို ဝေးဝေးရှောင်ပါလို့ ပြောပါရစေ……
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win