ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် ဘေဘီလေးကို လွယ်ထားချိန်မှာ အချိုရည်တွေ မသောက်နဲ့ ကလေး ထိခိုက်မယ်။ ကော်ဖီ၊ လက်ဖက်ရည်တွေ မသောက်နဲ့ သံဓာတ်အားနည်းမယ်။ ဆိုတဲ့ စကားတွေနဲ့အတူ အမောပြေ သောက်စရာ တစ်ခုရယ်မှ မရှိဘူးဆိုပြီး စိတ်ညစ်နေပြီလား……

 

ဒါဆိုရင်တော့ ကိုယ်ဝန်ဆောင် မေမေတို့အတွက် အသင့်တော်ဆုံး ဖြစ်မယ့် အမောပြေ သောက်စရာလေးတွေ ပြောပြပေးပါရစေလား………….

 

ကိုယ်ဝန်ဆောင် မေမေနဲ့ အသင့်တော်ဆုံး သောက်စရာ

 

ကိုယ်ဝန်ဆောင် မေမေ အမောပြေစေပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေမယ့် သောက်စရာ တွေကတော့

 

သောက်ရေ

 

ကိုယ်ဝန်ဆောင်ချိန်မှာ ရေသောက်တာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ရေက စားလိုက်တဲ့ အစားအစာတွေထဲကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူပေးပါတယ်။

 

ဒီလို အာဟာရပြည့်ဝမှုက မေမေ့ကို ကျန်းမာစေပြီး ဘေဘီလေးကို အကောင်းဆုံး ဖွံ့ထွားစေပါတယ်။ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်ခြင်း ကင်းပြီး ကျန်းမာစေဖို့လည်း ရေသောက် ပေးသင့်ပါသတဲ့။

 

ပင်ပွား ဖျော်ရည်

 

ပင်ပွားစေ့ကို သကြားနည်းနည်း၊ သံပုရာသီး၊ ဆားနည်းနည်းနဲ့ ရောစပ်လို့ ဖျော်သောက်ပေးတာက အမောပြေစေမယ့် ကိုယ်ဝန်ဆောင် မေမေအတွက် ဖျော်ရည်တစ်ခွက်ပေါ့။

 

ပင်ပွားစေ့မှာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း နဲ့ omega 3 ပါဝင်တာကြောင့် မိခင်ရော ကလေးပါ အင်အားပြည့်ဝစေပြီး ကိုယ်ဝန်ဆောင် ဝမ်းချုပ်မှု ပြဿနာကို ကင်းစေမှာပါ။

 

အုန်းရည်

 

အုန်းရည်က ကိုယ်ဝန်ဆောင်တွေအတွက် အကောင်းဆုံးသော သောက်စရာတွေထဲက တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ် ပြည့်စေသလို လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

 

အုန်းရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး အနေအထားမှာ ထိန်းပေးနိုင်ပါတယ်။

 

အဆီထုတ် နို့

 

ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ နေ့စဉ် ကယ်လ်ဆီယမ် ၁၀ဝ၀ မီလီဂရမ် လိုအပ်ပါတယ်။ ကယ်လ်ဆီယမ် ပြည့်ဝမှ ဘေဘီလေးရဲ့ သွေးလည်ပတ်မှု စနစ်၊ ကြွက်သားနဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးမှာပါ။

 

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အဆီထုတ် နို့၊ ဒိန်ချဉ် စတာတွေကို သောက်သုံးပေးလို့ ရပါတယ်။ မိခင်ကို အင်အား ပြည့်ဝစေပြီး ဘေဘီလေးကို အကောင်းဆုံး ဖွံ့ထွားစေမှာပါ။ သကြား လျှော့ထည့်ဖို့တော့ မမေ့နဲ့နော်။

 

သစ်သီး ဖျော်ရည်

 

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလည်း အမောပြေ ဘေဘီလေးလည်း ကျန်းမာစေဖို့ သောက်လို့ရမယ့် နောက်ထပ် သောက်စရာ တစ်ခုက အသီးစစ်စစ်ကို ကြိတ်ထားတဲ့ အသီးဖျော်ရည်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သဘာဝ သစ်သီးဖျော်ရည်ကို သောက်သုံးပေးတာက ဝမ်းမှန်စေပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

 

သစ်သီးတွေမှာပါတဲ့ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ၊ အမျှင်ဓာတ်တွေက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ သကြားတော့ မများစေနဲ့နော်။

 

ကဲ ..အချိုရည်တွေကြောင့် ဘေဘီလေးတွေကို ထိခိုက်မှာ စိုးနေတဲ့ မေမေတို့ရေ ဒါလေးတွေ သောက်ပြီး အမောပြေကြပါစေကြာင်း………..

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”