၂ သြဂုတ်


မေမေ တစ်ယောက်မှာ ကိုယ်တိုင်ထက် ဘေဘီလေးကို စိတ်ပူတာက မေမေ့ရဲ့ မေတ္တာလို့ပဲ ပြောရမလား။ ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ မေမေတွေက ကိုယ့်အတွက်ထက် ဘေဘီလေးအတွက် ပိုတွေးမိနေတတ်ကြပါတယ်။ ဖျားရင်တောင် ဘေဘီလေးကို ထိခိုက်သွားမှာစိုးလို့ဆိုပြီး ဆေးမသောက်ဘဲ နေတာမျိုးလေ။ အခုတစ်ခေါက်တော့ မိုးနဲ့အတူ မဖိတ်ခေါ်ဘဲရောက်လာတဲ့ ဆင်တုပ်ကွေး ကိုယ်ဝန်ဆောင်မေမေကူးစက်ခံရရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။


ကိုယ်ဝန်ဆောင်မေမေ ဆင်တုပ်ကွေး ကူးစက်ခံရရင် ဘေဘီလေးကို ထိခိုက်နိုင်လား။


ပုံမှန်အားဖြင့်ကတော့ ဆင်တုပ်ကွေးက ကိုယ်ဝန်ဆောင်ကာလ အတွင်းမှာဆိုရင် မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်ခြေက တော်တော်လေးနည်းပါတယ်။ ဒါပေမယ့် ကလေးမမွေးခင်မှာ ရောဂါပိုးကူးစက်ခံရတာ ဖြစ်တာကြောင့် တစ်ခါတလေမှာ မေမေ့ဆီကနေ ဘေဘီလေးကို ကူးစက်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက ကိုယ်ဝန်ဆောင် တတိယကာလပတ်မှာ ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်တာပါ။ ဒါကလည်း ဖြစ်ခဲတာကြောင့် အရမ်းကြီးတော့ မစိုးရိမ်စေချင်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မေမေကရောဂါတစ်ခုခုခံစားရမယ်ဆိုရင် ဘေဘီလေးကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ထိခိုက်နိုင်ပါတယ်။ ဆင်တုပ်ကွေးကလည်း ဒီလိုပါပဲ။ ဒါပေမယ့်ဆင်တုပ်ကွေးကို ကိုယ်ဝန်ဆောင်ကာလအစောပိုင်းချိန်မှာ ခံစားရမယ်ဆိုရင်တော့ ဘေဘီလေးကို ထထိခိုက်နိုင်ခြေကပိုများနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ဆင်တုပ်ကွေး ကူးစက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ ကူးစက်ခံလိုက်ရမယ်ဆိုရင်လည်း အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း နေထိုင်စေချင်ပါတယ်။


ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင် မေမေတွေမှာရော အတူတူပဲလား။ ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာလည်း အတူတူပါပဲ။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်အကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အတွင်းရောဂါလက္ခဏာတွေစပြလာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အခြားသူတွေနဲ့ အတူတူပါပဲ။


အဆစ်နဲ့ကြွက်သားတွေ နာကျင်မယ်


ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရတဲ့အခါ အဆစ်တွေနဲ့ ကြွက်သားတွေမှာ ပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှုတွေ ခံစားရနိုင်ပါ။ မနက်ခင်းတိုင်း လက်ကောက်ဝတ်နဲ့တံတောင်ဆစ်တွေမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီနာကျင်မှုက ရက်သတ္တပတ် ၁ ပတ် ဒါမှမဟုတ် လပေါင်းများစွာကြာနိုင်ပါတယ်။ အဆစ်တဝိုက်မှာ ရောင်ရမ်းနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။


အဖျားတက်မယ်


ဆင်တုပ်ကွေးကူးစက်ခံရတဲ့အခါ အဖျားက ၁၀၄ ဒီဂရီဆဲလ်စီးရပ်စ်အထိမြင့်တက်သွားနိုင်ပါတယ်။


ချမ်းတုန်မယ်


ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ ငှက်ဖျားကူးစက်ခံရသလို ချမ်းတုန်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။


အဖုအပိမ့်တွေထွက်မယ်


ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ အနီရောင် အဖုအပိမ့်တွေဖြစ်လာနိုင်ပါတယ်။


ခေါင်းကိုက်မယ်


ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ ပြင်းထန်စွာ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။


ခါးနာမယ်


ခေါင်းကိုက်တာနဲ့အတူ ခါးနာတာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။


နုံးချိမယ်၊ အော့အန်မယ်


ဗိုက်ထဲမှာ မအီမသာဖြစ်ပြီး အော့အန်တာမျိုးလည်း ခံစားရနိုင်ပါတယ်။


ခြေကုန်လက်ပမ်းကျမယ်


ဆင်တုပ်ကွေးဖြစ်တဲ့အခါ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ အနီရောင်အဖုအပိမ့်တွေထွက်တာအပြင် ခန္ဓာကိုယ်ထဲမှာ အားမရှိသလိုဖြစ်ပြီး ခြေကုန်လက်ပမ်းကျတာမျိုးတွေခံစားရနိုင်ပါတယ်။


ဘယ်လိုသက်သာအောင်လုပ်မလဲ။


ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဆင်တုပ်ကွေးကူးစက်ခံရတဲ့အခါ သေသေချာချာဂရုစိုက်မှ မေမေရော ကလေးပါ ကျန်းမာစေမှာပါ။


ပြည့်ပြည့်ဝဝအနားယူပါ

ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုခံယူပါ

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

အဆစ်တွေကို ရေခဲဝတ်ကပ်ပေးပါ

အကိုက်အခဲသက်သာစေဖို့ ဆားရည်စိမ်ပါ

နာကျင်မှုနဲ့အဖျားသက်သာစေဖို့ ကြက်သွန်ဖြူစားပေးပါ

နွားနို့ထဲမှာ နနွင်းထည့်ပြီးသောက်ပေးပါ

ဗီတာမင် C နဲ့ ဗီတာမင် E ပါဝင်နေတဲ့ အစားအစာတွေ များများစားပေးပါ။


ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”