မြဝတီ ၂၆ ဇန်နဝါရီ
ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်းရင်းခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမအကြိမ် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်မှာစကားပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တင်ပြလာသည့် ဒေသဖွံဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ကြေးများ အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါထောက်ပံ့ငွေများမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပထမအကြိမ် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းဖြစ်ပြီး မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၂၁၃၅ ဦးနှင့် (၂)နှစ်အောက်ကလေး ၃၅၉၉ ဦးတို့အတွက် တစ်ဦးလျှင် ကျပ် ၄၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)