ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိန်းကလေးတို့ ဘဝအတွက်တော့ စိတ်ခေါ်မှု အကြီးစားကြီး တစ်ခုပါ။ ဗိုက်ထဲက ရင်သွေးလေးကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်တွေ၊ ဟော်မုန်းအတက်အျ ကိုယ်အလေးချိန် အပြောင်းအလဲနဲ့ ဝေဒနာပေါင်းစုံကို မီးမဖွားမချင်း စုပြုံခံစားရမယ့် ကာလဟာ ကိုယ်ဝန်ဆောင်တဲ့ကာလပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အလှအပကြိုက်တဲ့ မိန်းကလေးတိုင်း အကြောက်ဆုံးကတော့ ကိုယ်ဝန်ကြောင့်ဖြစ်လာတဲ့ အကြောပြတ်ရာတွေပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်တဲ့အချိန် ဘာ့ကြောင့် အကြောပြတ်ရာတွေ ဖြစ်ရတာလဲ ။ ။
- ဆူထွက်လာတဲ့ ဗိုက်လေးကြောင့် တင်းလာတဲ့ အရေပြားလေးရယ်
- တက်လာတဲ့ ကိုယ်အလေးချိန်ကို မလိုက်နိုင်တော့လို့ ပြတ်သွားတဲ့ အကြောလေးရယ်
- စားနေတဲ့ အစားအသောက်တွေနဲ့
- ရေဓာတ်ခမ်းခြောက်မှုတွေ
- ဟော်မုန်းပြောင်းလဲမှုတွေကြောင့် အကြောပြတ်ရာတွေဖြစ်ရပါတယ်။
- နောက်တစ်ချက် အရေးကြီးတာကတော့ ကိုယ့်အမေတုန်းက ကိုယ်ဝန်ဆောင်ချိန် အကြောပြတ်ခဲ့ရင် ကိုယ်အလှည့်ကိုယ်ဝန်ဆောင်ရင်လည်း အကြောပြတ်ဝေဒနာခံစားရဖို့ အလားအလာပိုများပါတယ်။
ဘယ်နေရာတွေမှာ အကြောပြတ်ရာတွေ အများဆုံးတွေ့ရတတ်လဲ ။ ။
ကိုယ်ဝန်ကြောင့် အကြောပြတ်ရာတွေ ဖြစ်ရတဲ့အကြောင်းအရင်းတွေကို သိပြီးပြီဆိုတော့ ဘယ်နေရာတွေမှာ အများဆုံးဖြစ်တတ်လဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးတော့မှာပါ ။
ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဒီ ၇ နေရာမှာတွေ့ရတတ်ပါတယ်။ ။
( ၁ ) ဗိုက်အကြောပြတ်ခြင်း ။ ။
ဆူထွက်လာတဲ့ ဗိုက်ကလေးကြောင့် ဗိုက်သားတစ်ဝိုက်တင်းပြီး အကြောပြတ်ရာတွေ ထွက်လာမယ်ဆိုတာ ပြောဖို့ လိုမယ်တောင် မထင်ပါဘူး။ ဒါ့ကြောင့် အရေပြား ကျုံ့နိုင် ဆန့်နိုင်အားကောင်းအောင် ကိုယ်ဝန်ကြီးနဲ့ အချိန်မှာ သံလွင်ဆီတွေလိမ်းပေးဖို့ လိုပါတယ်။
( ၂ ) တင်ပါးတွင် ဖြစ်သော အကြောပြတ်ခြင်း ။ ။
တက်လာတဲ့ ကိုယ်အလေးချိန်ကြောင့်ရယ်၊ ကြီးလာတဲ့ ကလေးလေးကို မိခင်ရဲ့ တင်ပဆုံ အရိုးကွင်းထဲ ဝင်လာတာရယ်ကြောင့် တင်ပါးဟာ ကိုယ်ဝန်ကြောင့် အကြောပြတ်ရာ အများဆုံးရတဲ့ ဒုတိယနေရာတစ်ခုဖြစ်လာပါတယ်။ ဒီအတိုင်း အကြောပြတ်ရာပေါ်ရုံပဲဆိုရင် ပြဿနာမရှိပေမယ့် ယားယံခြင်းကိုပါ တွဲပြီးခံစားရတယ်ဆိုရင်တော့ စိုးရိမ်စရာရှိတတ်တာကြောင့် ဆရာဝန်ဆီ သွားပြထားသင့်ပါတယ်။
(၃) ရင်သားကလည်း ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ အကြောပြတ်ခြင်းကို ခံစားရတဲ့ နေရာတစ်ခုပါ။
ဗိုက်ထဲက ရင်သွေးလေးကို မွေးလာတဲ့အခါ နို့ချိုတိုက်ကျွေးဖို့အတွက် ရင်သားတွေ ဖွံ့ဖြိုးလာရပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကလည်း တက်လာ၊ ဟော်မုန်းတွေကလည်း အပြောင်းအလဲဖြစ်တော့ ရင်သားမှာ အကြောပြတ်ရာတွေ ပေါ်လာရတော့တာပေါ့။ ကိုယ်ဝန်ဆောင်ချိန် တစ်ခုတည်းက ရင်သားကို အကြောပြတ်ရာတွေ ပေါ်စေတာမဟုတ်ဘဲ အပျိုဖော်ဝင်စအရွယ် ရင်သားကြီးထွားတဲ့အချိန်မှာလည်း ရင်သားအကြောပြတ်တဲ့ ဝေဒနာကိုခံစားရတတ်ပါတယ်။
( ၄ ) ပေါင်နှင့် ခြေထောက်များတွင် အကြောပြတ်ခြင်း။ ။
ကိုယ်ဝန်သက်ရင့်လာတဲ့အခါ ပေါင်အတွင်းပိုင်းနေရာတွေမှာ အကြောပြတ်ရာ အနည်းငယ်ကိုတွေ့ရတတ်ပါတယ်။ ပေါင်အတွင်းပိုင်းဆိုတာ အဆီတွေ အလွယ်တကူစုတဲ့နေရာဖြစ်တာကြောင့် အကြောပြတ်ရာတွေရဖို့ လွယ်ကူတဲ့နေရာတစ်ခုပါ။ ခြေထောက်မှာဆိုရင်တော့ ခြေကျင်းဝတ်နားနဲ့ ခြေထောက် အနောက်ဘက်တွေက အကြောပြတ်ရာ အများဆုံးရှိတဲ့နေရာတွေပါ။
( ၅ ) လက်မောင်းအပေါ်ဘက် အကြောပြတ်ခြင်း ။
ရင်သားနဲ့ နီးနီးစပ်စပ်ရှိတဲ့ လက်မောင်းအပေါ်ပိုင်း အတွင်းသားဟာလည်း ကိုယ်ဝန်ကြောင့် အကြောပြတ်ရာတွေ အများဆုံးဖြစ်တတ်တဲ့နေရာတစ်ခုပါ။ အဲဒီနေရာက အသားတွေ လျော့ရဲ့နေတာကြောင့်ရယ်၊ တက်လာတဲ့ကိုယ်အလေးချိန်ကြောင့် အဆီတွေ စုလာတာရယ်ကြောင့် လက်မောင်းမှာလည်း အကြောပြတ်ရာတွေ တွေ့ရတတ်တာဖြစ်ပါတယ်။
( ၆ ) ကျောဘက်နေရာကလည်း ကိုယ်ဝန်ကြောင့် အကြောပြတ်ရာဖြစ်နိုင်တဲ့ နေရာတစ်ခုပါ။ ။
ကျောဘက်နေရာ အထူးသဖြင့် ကိုယ်ခန္ဓာ အောက်ပိုင်းရဲ့ အပေါ်ပိုင်းနား၊ ခါးရဲ့ အပေါ်နားလောက်မှာ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို အများဆုံးတွေ့ရတတ်ပါတယ်။
ဒါတွေကတော့ ကိုယ်ဝန်ကနေ ဘာ့ကြောင့်အကြောပြတ်ရာတွေ ဖြစ်ရသလဲဆိုတာနဲ့ အကြောပြတ်ရာတွေ အတွေ့ရအများဆုံးနေရာတွေ အကြောင်းပဲဖြစ်ပါတယ်။ ကိုယ်ဝန်နဲ့ အကြောပြတ်ရာဆိုတာ ခွဲလို့မရတာကြောင့် တတ်နိုင်သလောက် ကိုယ်ဝန်ရှိတည်းက အသားအရေကို အစိုဓာတ်တွေထိန်းပေးမယ်၊ သံလွင်ဆီတွေ လိမ်းပေးမယ်ဆိုရင် လုံးဝအကြောမပြတ်အောင် ထိန်းထားနိုင်မှာ မဟုတ်ပေမယ့် ဖြစ်လာမယ့် အကြောပြတ်ရာတွေကို ကြည့်ရမဆိုးအောင် ထိန်းထားပေးနိုင်မှာဖြစ်ပြီး ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်းမှာလည်း အကြောပြတ်ရာတွေ အမြန်ဆုံး ပြန်ပျောက်အောင် ကူညီပေးနိုင်မှာပါ ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”