၂၈ ဇူလိုင်
မေမေတိုင်း ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ ရင်သွေးလေးတစ်ယောက် ပိုင်ဆိုင်ရတော့မှာမို့လို့ ပျော်ကြတဲ့ သူချည်းပါ။ ဒါပေမယ့် ဒီလိုပျော်ရွှင်ရတဲ့ ခံစားမှုလေးကို ဖျက်စီးနေတဲ့ အနှောင့်အယှက်တစ်ခုရှိပါတယ်။ သူကတော့ morning sickness လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ချိန် မူးဝေပျို့အန်ခြင်းပါ။
ကိုယ်ဝန်စရှိပြီဆိုတာနဲ့ မေမေတိုင်း ကြုံတွေ့ရမယ့် ဒီ morning sickness ကြောင့် တစ်ချိန်လုံး ခေါင်းမူး၊ နုန်းခွေ ပျို့အန်ချင်ပြီး ဘာမှစားချင်သောက်ချင်စိတ် မရှိတော့ဘဲ အပျော်တွေတောင် ပျောက်ကုန်တယ်မလား။ အရင်တုန်း ကိုယ်တစ်ယောက်တည်းဆိုတော့ စားချင်သောက်ချင်စိတ်မရှိရင် မစားလိုက်ရုံပဲ။ ခုကျ ကိုယ့်ရင်သွေးလေးပါ ရှိလာပြီဆိုတော့ မစားဘဲနေလို့ မရတော့ဘူးလေ။ ဘေဘီလေး ကောင်းကောင်း ဖွံဖြိုးဖို့အတွက် အာဟာရ လိုအပ်တယ်ဆိုတော့။
အစားစားချင်စိတ်မရှိပေမယ့် စားမှ ဖြစ်မှာဆိုတော့ ဘယ်လို အစားအစားတွေကို စားရင်ကောင်းမလဲ။ ဘယ်လိုပုံစံမျိုးလေးတွေ လုပ်စားရင် ကိုယ်ဝန်ကြောင့် မူးဝေအော့အန်တာကို သက်သာသွားမလဲဆိုတာ ဆက်ကြည့်ရအောင်။
မနက်နိုးနိုးချင်း cracker နှစ်ချပ်လောက်စားကြည့်ပါ – အိပ်ရာနိုးတဲ့အချိန် ဗိုက်ထဲမှာ ဘာအစားမှ ရှိမနေခြင်းက ကိုယ်ဝန်ကြောင့် ပျို့အန်ချင်တာကို ပိုဆိုးစေတဲ့အတွက် နိုးနိုးချင်း cracker နှစ်ချပ်လောက်စားပြီးမှ အိပ်ရာထပါ။ အချိုကဲတဲ့ cracker အစား အငန်ကဲတဲ့ cracker ဆို ပိုကောင်းပါတယ်။
ငှက်ပျောသီး၊ ပန်းသီးနဲ့ သစ်တော်သီးတို့မှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်က ခဏခဏ မူးဝေအော့အန်ခြင်း မဖြစ်အောင်လို့ တားဆီးပေးနိုင်မှာပါ။
လိမ္မော်သီး ဖျော်ရည်၊ သံပုရာရည်တွေ သောက်ပေးလို့ရပါတယ်။ အရသာ ချိုချဉ်ချဉ်လေးနဲ့ လန်းဆန်းတဲ့ အနံ့လေးက မူးဝေခြင်းအားလုံးကို အနိုင်ယူသွားမှာပါ။
အငွေ့တထောင်းထောင်းထတဲ့ အစားအသောက်တွေက အနံ့ပြင်းပြီး မူးဝေခြင်းကို ပိုဖြစ်စေလို့ ချက်ပြုတ်ပြီး ချက်ချင်းမစားဘဲ အအေးခံပြီးမှ စားပါ။
ကာဘိုဟိုက်ဒရိတ် တွေဖြစ်တဲ့ အာလူးဖုတ်၊ ထမင်းနဲ့ ပေါင်မုန့်ခြောက်တို့ကလည်း မူးဝေပျို့အန်ခြင်းကနေ ကာကွယ်နိုင်မှာပါ။
အစားကို နည်းနည်းစီနဲ့ အကြိမ်ရေ များများစားပေးပါ။ ကိုယ်စားတဲ့အစားအစာတွေကလည်း အာဟာရပြည့်ဝနေဖို့လိုပါသေးတယ်။
ရေများများသောက်ပါ။ ရေဓာတ်ခမ်းခြောက်ခြင်းက မူးဝေအော့အန်ခြင်းကို ပိုဆိုးစေတာကြောင့် ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။
ဂျင်းလက်ဖက်ရည်တို့၊ ပူစီနံ လက်ဖက်ရည်တို့ဟာ အစာအိမ်ကို အားကောင်းစေတာကြောင့် အစာမကြေချင်တာ ပျို့အန်ချင်တာတွေကို သက်သာစေမှာ အသေအချာပါ။ အရမ်းကြီး ပူစပ်နေလို့တော့ မရဘူးပေါ့။
ဒါလေးတွေ သာသိထားလို့ကတော့ မူးဝေအော့အန်ပြီး အစားစားချင်စိတ်မရှိတဲ့ မေမေတို့ ကိုယ်ဝန်ကြောင့် မူးဝေတာလည်း သက်သာသွားမယ်၊ အာဟာရမရှိလို့ ကလေးထိခိုက်မှာလည်း မပူရတော့ဘူးနော်။
ရေးသားသူ - Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”