၁၆  ဖေဖော်ဝါရီ

သားဥကြွေတယ်ဆိုတာဘာလဲ

ကိုယ်ဝန်လိုချင်ရင် သားဥနဲ့ သုက်ကောင်နဲ့တွေ့ရမယ်။ သားဥအိမ်ဆိုတာ အမျိုးသမီးတွေမှာရှိတယ်။ သူကနေ သားဥတွေထုတ်ပေးတယ်။ ဒီလို သားဥတွေထုတ်ပေးတဲ့ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်တယ်။ ဒါတွေအပြင် သားဥကြွေတာနဲ့ပက်သတ်ပြီး သင်မသိသေးတဲ့ အချက်တွေရှိပါသေးတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

သားဥကြွေတဲ့ ဖြစ်စဉ်နောက်က လုပ်ငန်းစဉ်များ

သားဥအိမ်ကနေ သားဥထုတ်တဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ ခေါ်လို့ရပေမယ့် နောက်ကွယ်မှာ သူ့ထက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ ရှိပါသေးတယ်။ သင့်ရာသီစက်ဝန်းရဲ့ ပထမ  ၁၄ ရက်မှာ သားဥအိမ်ထဲ multiple follicles လို့ခေါ်တဲ့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ သားဥတွေ စတင်ကြီးလာပါတယ်။ တဖြည်းဖြည်းနဲ့ Dominant egg လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး သားဥတွေဖြစ်လာပြီး အဲဒီ Dominant egg တွေထဲကမှ စံချိန်အမီဆုံး သားဥတစ်လုံးက estradiol လို့ခေါ်တဲ့ အီစတိုဂျင်ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီ ဟော်မုန်းကနေ Dominant egg ကို ကွဲစေတဲ့ luteinizing hormone ကို ထွက်စေပြီး မျိုးအောင်စေမယ့် သားဥထွက်လာတဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်ပါတယ်။ ထွက်လာတဲ့ သားဥလေးရဲ့ သက်တမ်းဟာ ၁၂ နာရီကနေ ၂၄ နာရီ အတွင်းပဲ ရှိပါတယ်။

သားဥကြွေချိန်ကို ဘယ်လို တွက်ချက်လို့ရမှာလဲ

ကိုယ့်ရဲ့ ရာသီစက်ဝန်းက ၂၈ ရက်ရှိတယ်ဆိုရင် အကြမ်းအားဖြင့် လဝက် ၁၄ ရက်လောက်မှာ သားဥကြွေလေ့ရှိတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တစ်လတစ်လ ရာသီ စောလာတတ်တဲ့သူလည်းရှိသလို နောက်ကျမှာလာတဲ့သူလည်းရှိတဲ့အတွက် ကိုယ့်ရာသီ စက်ဝန်းကာလပေါ် မူတည်ပြီး သားဥကြွေတော အပြောင်းအလဲရှိပါတယ်။ ဒါကြောင့် ဘောင်အတွင်းဝင်အောင် ပြောရမယ်ဆိုရင် ကိုယ့်ရာသီစက်ဝန်းအလယ်ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက် မှာ သားဥကြွေတယ်လို့ ပြောလို့ရပါတယ်။ ဥပမာ ကိုယ့်ရာသီစက်ဝန်းက ရက် ၃၀ ဆိုရင် သားဥ ကြွေချိန်က ၃၀ ရက်ရဲ့တစ်ဝက် ၁၅ ရက်နေ့ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက်လို့ ပြောလို့ရပါတယ်။

ကိုယ်ဝန်အရနိုင်ဆုံး အချိန်က ဘယ်အချိန်လဲ

ကိုယ်ဝန်ရချင်ရင် စောစောကပြောခဲ့တဲ့ ရာသီဝက်ဝန်းအလယ်ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက်လောက်မှာ တိုးပြီး ကြိုးစားသင့်ပါတယ်။

သားဥကြွေတာမှာ ဘယ်လိုလက္ခဏာတွေရှိလဲ

သားဥကြွေတာဟာ အများအားဖြင့် သိသာတဲ့ လက္ခဏာတွေတော့မရှိတတ်ပါဘူး။ ဒါပေမယ့် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့

•    အဖြူဆင်းတာ – ကြက်ဥအကာလိုမျိုး ပျစ်ချွဲချွဲ အကြည်ရောင် အရည်တွေဆင်းတာ
•    ရင်သားတွေတင်းပြီးနာနေတာ
•    လိင်စိတ်ပြင်းပြနေတာနဲ့
•    တစ်ချို့လူတွေမှာဆို ဗိုက်အောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

တစ်လထဲနဲ့ သားဥ တစ်ကြိမ်ထက်ပိုကြွေတာမျိုး ဖြစ်တတ်ပါသလား ဖြစ်တတ်ပါတယ်။ တစ်လတည်းနဲ့ သားဥ ၂ ခါကြွေတယ်တတ်တဲ့သူတွေရှိသလို တစ်ခါကြွေရင် သားဥ တစ်လုံးထက်ပိုတဲ့သူတွေရှိပါတယ်။ ဒီလို သားဥတစ်ကြိမ်ထက်ပိုကြွေတဲ့သူတွေက ကလေးရနိုင်ချေများသလို သားဥတစ်လုံးထက်ပိုကြွေတဲ့သူတွေက အမြွှာကိုယ်ဝန်ရနိုင်ချေများပါတယ်။

သားဥမကြွေဘဲနဲ့ ရာသီလာတာမျိုးရှိလား

ရှိပါတယ်။ ရာသီသွေးဆင်းတယ်ဆိုတာ သန္ဓေအောင်ရင် အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားတဲ့ သားအိမ်နံရံက သန္ဓေမအောင်တဲ့အခါ နောက်တစ်လအတွက် အသစ်ပြန်ဖြစ်အောင်လို့ ကွာကျပေးရာမှ ဆင်းလာတဲ့ သွေးတွေကို ခေါ်တာပါ။ ဒီသန္ဓေတားဆေး၊ ထိုးဆေးတွေသုံးနေရင် တစ်လတစ်ခါ ရာသီလာတယ်ဆိုပေမယ့် သားဥမကြွအောင် အဲဒီဆေးတွေက တားပေးတဲ့အတွက် သားဥမကြွေဘဲနဲ့လည်း ရာသီလာတာမျိုးဖြစ်တတ်ပါတယ်။

ဒါတွေကတော့ သားဥကြွေတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါလေးဖတ်ပြီးရင် သားဥကြွေတယ်ဆိုတာဘာလဲ၊ သားဥကြွေချိန်ကို ဘယ်လိုတွက်ချက်လဲဆိုတာကို သိသွားလောက်ပြီဖြစ်တဲ့အတွက် ကိုယ်ဝန်ယူဖို့ ကြိုးစားတဲ့နေရာမှာ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”