အကယ်၍ စုံတွဲများသည် ကိုယ်ဝန်ရရှိနိုင်ရန် ကြိုးစားနေကြလျှင် အနှေးနှင့် အမြန် ကိုယ်ဝန်ရရန် မျှော်မှန်းကြပေသည်။


ကိုယ်ဝန်ရရှိစေရန် ကြိုတင်ပြင်ဆင်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လိင်ဆက်ဆံသည့် အချိန်၊ ကျန်းမာသည့် သန္ဓေသားဖွံ့ဖြိုးစေမည့် ကျန်းမာသည့် အစာအာဟာရ စသည့် များစွာသော အရာများကို သတိထားမိသည်။


ဖော်လစ်အက်စစ် (Folic Acid)


ဖော်လစ်အက်စစ်ကို အစားအစာများတွင် ဖော်လိတ် (Folate )ဟုလည်း သိကြပြီး ဗိုက်တာမင် ဘီ အုပ်စုထဲတွင် ပါဝင်သည်။ Neural Tube Defect ဟုခေါ်သော ဦးနှောက်နှင့် အာရုံကြောမကြီးတွင် ဖြစ်ပွားသော မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်သည်။ Neural Tube Defect သည် သန္ဓေအောင်ပြီး ၂၈ ရက်အတွင်း ဖြစ်တတ်ပြီး ထိုအချိန်သည် အမျိုးသမီးများ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိမှန်း သတိမထားမိသေးသော အချိန်ဖြစ်သောကြောင့် Folic Acid ကို အမျိုးသမီးများသည် စိတ်ဝင်စားမှုရှိကြသည်။


ကိုယ်ဝန်ဆောင်နိုင်သော အမျိုးသမီးတစ်ယောက်သည် သန္ဓေမအောင်ခင် အချိန်မှစ၍ ကိုယ်ဝန်၏ ပထမ ၁၂ ပါတ် (၃ လ) ထိ Folic Acid ကို တစ်နေ့လျှင် 400 mcg သောက်သုံးရန် အကြံပေးထားကြသည်။


အကယ်၍ ရင်သွေးသည် Neural Tube Defect ဖြစ်နေမည်ဆိုပါက ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန် နှင့် တိုင်ပင်ပြီး Folic Acid ကို ဆေးညွှန်း ပြောင်းသောက်သင့်၊ မသောက်သင့်ကို တိုင်ပင်သင့်သည်။


အစာအရင်းအမြစ်- အစိမ်းရောင်ရှိသော ဟင်းသီး ဟင်းရွက်များ၊ အစိအဆံများ၊ ပဲများ၊ ချဉ်သော အသီးများ၊ နှံစားပြောင်းများ၊ ပေါင်မုန့်နှင့် အီတလီခေါက်ဆွဲ။


ကယ်လ်စီယမ် (Calcium)


ကယ်လ်စီယမ်သည် ရင်သွေး၏ အရိုးနှင့် သွားကို ဖြစ်စေမည့် အရေးကြီးသော သတ္တုဓါတ်တစ်မျိုးဖြစ်သည်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်သည် ကယ်လ်စီယမ်ကို လုံလောက်စွာ မစားသုံးထားလျှင် ကိုယ်ဝန်၏ လိုအပ်ချက်အရ  ရင်သွေးအတွက် လိုအပ်သော ကယ်စီယမ်ကို မိခင်၏ အရိုးတွင် သိမ်းထားသည်မှ ထုတ်ယူပေးမည် ဖြစ်သည်။


ရင်သွေးအတွက် ကယ်စီယမ်ကို လုံလောက်စွာ ရရှိစေရန် နှင့် အရိုးနှင့် သွားကောင်းစွာ ဖွံ့ဖြိုးစေရန် အတွက် Vitamin D နှင့် အခြား ကယ်စီယမ်နှင့်အတူ အကျိုးပြုသော အာဟာရများကို ပေါင်းစပ်ထုတ်လုပ်ထားသည့် အစားအစာများကို ရွေးချယ်သင့်သည် ဟု Academy of Nutrition & Dietetics အဖွဲ့မှ ပြောကြားထားသည်။


အသက် ၁၉ နှစ် နှင့် အထက် ကိုယ်ဝန်ဆောင်မိခင်များသည် တစ်နေ့လျှင် ကယ်လ်စီယမ် 1000မီလီဂရမ် လိုအပ်သည်။ အသက် ၁၄ နှစ်မှ ၁၈ နှစ်အတွင်းရှိ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များသည် 1300 မီလီဂရမ် လိုအပ်သည်။


အစာအရင်းအမြစ်- နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ ကယ်လ်စီယမ် ပါဝင်သော အချိရည်နှင့် အစားအစာများ၊ အရိုးပါသော ဆာဒင်းနှင့် ဆော်လမွန် ငါးများ၊ အချို့ အစိမ်းရောင်ရှိသော ဟင်းရွက်များ (မုန်ညင်းစိမ်းနှင့် အစိမ်းရောင် ဂေါ်ဖီ)


သံဓါတ် (Iron)


အမျိုးသမီးများသည် တစ်နေ့လျှင် သံဓါတ် 13 မီလီဂရမ် လိုအပ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် 27 မီလီဂရမ်၊ ပုံမှန်ထက် ၂ ဆ တိုး၍ လိုအပ်သည်။


သံဓါတ်ချို့ယွင်းနေလျှင် ရင်သွေးသည် အောက်စီဂျင် ကောင်းကောင်းရရှိမည် မဟုတ်ပေ။ မိခင်သည် မောပန်းလွယ်ခြင်းနှင့် ကူးစက်ရောဂါဖြစ်လွယ်ခြင်းတို့နှင့် ဖြစ်တတ်သည့် သွေးအားနည်းရောဂါ ခံစားရနိုင်သည်။ သံဓါတ်ကို ကောင်းမွန်စွာ စုပ်ယူနိုင်စေရန် ဗီတာမင် စီ ပြည့်ဝသော အစားအစာနှင့် အတူ သံဓါတ်ကြွယ်ဝသော အစားအစာများကို အတူတကွ စားသုံးသင့်သည်ဟု Academy of Nutrition & Dietetics အဖွဲ့မှ အကြံပြုထားသည်။


ဥပမာ- မနက်စာ စားရာတွင် သံဓါတ်ကြွယ်ဝသော နှံစားပြောင်းနှင့် လိမ္မော်ရည်သောက်ခြင်း။


အစာအရင်းအမြစ်- အသား၊ ကြက်သား၊ ငါး၊ အခြောက်ခံထားသော ပဲများ၊ သံဓါတ်ကြွယ်ဝသော နှံစားပြောင်းများ။


အိုင်အိုဒင်းဓါတ် (Iodine)


ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသမီးတစ်ယောက်၏ သွိုင်းရွိုက်ဂလင်း ကျန်းမာနေစေရန် အိုင်အိုဒင်းဓါတ်သည် အရေးကြီးသည်။ အိုင်အိုဒင်းဓါတ် ချို့တဲ့လျှင် ရင်သွေးတွင် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုရပ်တန့်ခြင်း၊ စိတ်ကျန်းမာရေး မကောင်းမွန်ခြင်းနှင့် ပို၍ ဆိုးရွားလျှင် ဆွံ့အနားမကြား ဖြစ်နိုင်ခြင်း တို့ ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် အိုင်အိုဒင်းဓါတ် ချို့တဲ့လျှင် ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်း တို့ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်သည် တစ်နေ့လျှင် အိုင်အိုဒင်း 220 မိုက်ခရိုဂရမ် လိုအပ်သည်။


အိုင်အိုဒင်းဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွိုင်းရွိုက်ဂလင်း၏ ရောဂါလက္ခဏာများမှာ-


-    သွိုင်းရွိုက်ဂလင်းကြီးခြင်း၊

-    မောပန်းလွယ်ခြင်း၊

-    အားနည်းခြင်း၊

-    စိတ်ဓါတ်ကျခြင်း၊

-    အအေးဒဏ်ကို မခံနိုင်ခြင်း နှင့် ကိုယ်အလေးချိန်တက်ခြင်း၊


အကယ်၍ အိုင်အိုဒင်းဓါတ် ချို့တဲ့သည်ကို ခံစားရလျှင် ဆရာဝန် (သို့) သူနာပြုဆရာမနှင့် ဆွေးနွေးတိုင်ပင်ရမည်။


အစာအရင်းအမြစ်- ဥများ၊ ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာ၊ ဘီယာ နှင့် တဆေးမှို၊


မည်သည့် အချိန်မဆို သိသာသည်မှာ ကျန်းမာသော အစာအာဟာရသည် ကျန်းမာသော ဘဝနေထိုင်မှုနှင့် အချိန်တိုင်း ယှဉ်တွဲနေပြီး ကိုယ်ဝန်ဆောင်ရန် စီစဉ်ထားလျှင် (သို့) ကိုယ်ဝန်ဆောင်နေလျှင် ပို၍ အရေးကြီးသည်။


အခြားသိလိုသည့် မေးခွန်းများရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။


Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။


ရေးသားသူ Dr. Aung Myat Thu
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”