နေမကောင်းဖြစ်နေပြီဆိုရင် တုပ်ကွေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပုံမှန်အတိုင်းတော့ မစားနိုင်တော့ပါဘူး။ သောက်ရတဲ့ဆေးတွေကြောင့်ရယ်၊ နေလို့မကောင်းတာရယ်ကြောင့် ခံတွင်းလည်းပျက်နေနိုင်တယ်။ အစာကြေလွယ်တာတွေပဲ စားရမှာဖြစ်လို့ မစားချင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ တုပ်ကွေးဖြစ်ရင် ကြက်စွပ်ပြုတ်က အကောင်းဆုံးလို့ ပြောကြတယ်နော်။ ဒါပေမယ့် ခံတွင်းပျက်ရတဲ့အထဲ ဒါချည်းပဲ စားနေလို့မှမဖြစ်တာလေ။ ဝေဒနာအမြန်သက်သာပြီး နာလန်ထလာစေဖို့ ကြက်စွပ်ပြုတ်လိုပဲ အကျိုးကျေးဇူးကောင်းတဲ့ အစားအသောက်လေးတွေရှိပါသေးတယ်နော်။ ဘာတွေလဲဆိုတော့ –
အရိုးစွပ်ပြုတ်
ကြက်စွပ်ပြုတ်လိုပဲ ငါးခေါင်းဟင်းချို သို့မဟုတ် တခြားအရိုးပြုတ်ရည်တွေကလည်း နေမကောင်းချိန်မှာ အာဟာရဓာတ်တွေပေးနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ်တွေပါ။ ရေဓာတ်ဖြည့်ပေးမယ့်အပြင် အာဟာရဓာတ်မျိုးစုံကို အရည်ထဲမှာ တပါတည်းပေးနိုင်တော့ နည်းနည်းပဲသောက်နိုင်ရုံနဲ့ အားဖြစ်စေပါတယ်။
အရသာရှိတဲ့အပြင် ကယ်လိုရီတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါမယ်၊ ပူပူလေးသောက်ရင် ချွဲသလိပ်တွေ ပျော်ဖို့ပါ အထောက်အကူ ပေးနိုင်ပါတယ်။
အုန်းစိမ်းရည်
ရေဓာတ်ပြည့်ဝနေဖို့က နေမကောင်းတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ပါ။ ကိုယ်ပူနေမယ်၊ ချွေးတွေတအားထွက်ထားမယ်၊ အန်ထားမယ်၊ ဝမ်းလျှောထားမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းဖို့ လိုပါတယ်။ ဒီလိုအချိန်မှာ အုန်းစိမ်းရည်ကလည်း အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါပဲ။ ချိုချိုလေးနဲ့ ရင်ထဲအေးစေတဲ့ အုန်းစိမ်းရည်မှာ ဂလူးကို့စ်နဲ့ ဓာတ်ဆားဓာတ်တွေပါဝင်ပါတယ်။
ရေနွေးကြမ်းပူပူ
ရေနွေးပူပူလေး သောက်တာကတော့ အအေးမိ၊ တုပ်ကွေး ဖျားနာတာတွေအတွက် သမားရိုးကျ နည်းလမ်း တစ်ခုပါ။ ကြက်စွပ်ပြုတ်လောက် အာဟာရ မပါရင်တောင် ချွဲသလိပ်တွေ ရှင်းသွားစေဖို့၊ လည်ချောင်းရှင်းဖို့၊ နှာခေါင်းပိတ် သက်သာစေဖို့၊ ချွေးထွက်ပြီးအဖျားကျဖို့ အထောက်အကူ ပေးတယ်ဆိုတော့ သူ့အစွမ်းလည်း မသေးပါဘူး။ လည်ချောင်းအပူလောင်လောက်တဲ့ အထိတော့ အပူမပြင်းစေနဲ့ပေါ့နော်။
လက်ဖက်ခြောက်မှာ polyphenols တစ်မျိုးဖြစ်တဲ့ Tannins ဓာတ်တွေပါဝင်လို့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို သေစေတဲ့ အာနိသင်တွေ ရှိပါတယ်။
ပျားရည်
ပျားရည်မှာ ဘက်တီးရီးယားတွေ သေစေတဲ့ အာနိသင် ရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေတယ်လို့ သုတေသန တွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပျားရည်ကို ရေနွေးကြမ်းလေးထဲ ထည့်သောက်ရင် လည်ချောင်းနာတာတောင် သက်သာစေပါတယ်တဲ့။ နွားနို့တစ်ခွက်ကို ပျားရည်ဇွန်းတစ်ဝက် ထည့်သောက်ရင်လည်း ချောင်းဆိုးသက်သာတယ်၊ ရေဓာတ်ပြည့်ဝစေတယ်၊ ရောဂါပိုးတွေသေစေနိုင်တဲ့ သောက်စရာတစ်ခုဖြစ်ပါတယ်။
ချင်းလက်ဖက်ရည်ကြမ်း
နေမကောင်းလို့ မအီမသာဖြစ်နေတာ၊ ခံတွင်းပျက်တာတွေအတွက် ချင်းရေနွေးကြမ်းကို သောက်ပေးရင် သက်သာပါလိမ့်မယ်။ အသင့်သောက် အထုပ်လေးတွေလည်းရှိသလို ချင်းကိုပါးပါးလှီးပြီး ရေနွေးကြမ်းထဲ ခတ်သောက်လို့ရပါတယ်။ ပူရှိန်းရှိန်းနဲ့ ချွေးလေးစို့လာစေပြီး နေလို့ကောင်းစေမှာပါ။
ငှက်ပျောသီး
ငှက်ပျောသီးက နေမကောင်းချိန်မှာ စားလို့သင့်တဲ့အသီးထဲမှာ ပါဝင်ပါတယ်။ စားရတာလည်းလွယ်တယ်၊ ကယ်လိုရီနဲ့အာဟာရဓာတ်တွေလည်း အများကြီးပါပါတယ်။ သူ့မှာပါတဲ့ ပျော်ဝင်လွယ် အမျှင်ဓာတ်ကြောင့် အစာခြေစနစ်အတွက်လည်း ကောင်းကျိုးများပါတယ်။
ကွေကာအုတ်
ကွေကာအုတ်က အစာကြေလွယ်တယ်၊ နေမကောင်းဖြစ်ချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကို အားပေးပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။ အကောင်းဆုံးကတော့ အသင့်သောက် အထုပ်တွေထက် အုတ်ဂျုံကွေကာအလွတ်ကို ကိုယ်တိုင်ဖျော်သောက်တာပါပဲ။
ဒီအစားအသောက်တွေက ရောဂါကိုသက်သာစေဖို့ အားဖြည့်ကူညီပေးမှာဖြစ်လို့ ဝေဒနာခံစားရတာလည်း သက်သာစေမှာပါ။
ရေးသားသူ -Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”