မြစ်ကြီးနား နိုဝင်ဘာ ၁၅

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံး၏ အောက်တိုဘာလအတွင်း ''ပန်းခင်းစီမံချက်''ဖြင့် ကွင်းဆင်းဆောက်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယား ပေးအပ်ပွဲအား နိုဝင်ဘာလ ၁၅ရက်နေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားသူကြီးချုပ်က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်ရာ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးများမှ လက်ရခံရယူသည်။

 

ထို့နောက်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ၀န်ကြီးများက ဆက်လက်ပေးအပ်ရာ ဒေသခံ ပြည်သူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ကချင်ပြည်နယ်အတွင်းခရိုင်(၄)ခရိုင်ရှိ မြို့နယ်‌(၁၈)မြို့နယ်တွင် ဒေသခံပြည်သူများ အတွက်  "ပန်းခင်းစီမံချက်" ဖြင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင်  နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၂၈၄)ကတ်နှင့်  အိမ်ထောင်စုလူဦးရေ စာရင်း (၆၁၃)စု ပြုလုပ် ပေးနိုင် ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ သိရသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် နံနက် ၁ဝ နာရီ အချိန်က ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမသို့ ရောက်ရှိပြီး ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ်  ဘော်လီဘောကျား/မ ပြိုင်ပွဲအား တက်ရောက် ဖွင့်လှစ်ပေးသည်။

 

အဆိုပါဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား (၈)သင်း၊အမျိုးသမီး (၆)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ နိုဝင်ဘာလ ၁၅ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ နို၀င်ဘာလ ၁၄ ရက်နေ့ ‌မွန်းလွဲ ၂ နာရီတွင်  ပြည်နယ်ဝန်ကြီးချုပ်သည် U-17 အမျိုးသားကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဘောလုံးအားကစားသမားများက အားကစားအဓိဌာန် ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားသူကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး လေ့ကျင့်ရေး ဘောလုံးများအား ပေးအပ်ခဲ့သည်။

 

အဲ့ဒီနောက် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်သော မျိုးဆက်သစ် FC  နှင့် ရှမ်းလူငယ်စာပေနှင့်ယဉ်ကျေးမှု FC အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ U-17 အမျိုးသားကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကလပ်အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး နို၀င်ဘာလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။

 

ပြည်နယ် ပြန်/ဆက်