ရန်ကုန် ၂ နိုဝင်ဘာ
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ကကြီးကြပ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ငယ်ရွယ်သည့် ကလေးငယ်များ ကင်းထောက်စိတ်ဓာတ် အခြေခံသည့်လူမှုရေး အသိ စိတ်များ မွေးမြူကာ တိုင်းပြည်၏ နောင်အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေ ရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်မြို့၊ မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်းတွင် အသက်(၆)နှစ်မှ (၁၀)နှစ်အထိ ကင်းထောက်ငယ် (Cub Scout) သင်တန်းနှင့် အသက် (၁၁)နှစ်မှ (၁၇)နှစ်အထိ ကင်းထောက် (Scout) သင်တန်းများကို အောက်တိုဘာ (၂၆) ရက်နေ့မှ (၂၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက် အစီအစဉ် မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်ငယ် သင်တန်းမှူးချုပ် ဒေါ်သစ်သစ်ဦးနှင့် တက္ကသိုလ်အသီးသီးမှ ရိုဗာ ကင်းထောက် လူငယ်ခေါင်းဆောင် (၁၀)ဦးတို့က သင်ကြား ပို့ချပေးပြီး သင်တန်းသား သင်တန်းသူ ကလေးငယ် ၂၅၀ တက်ရောက်ခဲ့ကြသည်။
ယင်းသင်တန်းများတွင် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က ကင်းထောက် ဖြစ်ပေါ်လာပုံ သမိုင်း၊ ကင်းထောက်လုပ်ငန်း ဆောင်ရွက်မှုများနှင့် ကင်းထောက်ငယ် သင်တန်းမှူးချုပ် ဒေါ်သစ်သစ်ဦးတို့က ကင်းထောက်ငယ်ဆိုင်ရာ ကတိကျင့်ဝတ်များ၊ လှုပ်ရှားမှုများ၊ နိုင်ငံတကာ ကင်းထောက်ငယ် လှုပ်ရှားမှု အတွေ့အကြုံများ လေ့ကျင့်မှုများကို သင်ကြားပို့ချပြီး မေတ္တာကိုယ်ပိုင် အထက်တန်း ကျောင်း အုပ်ချုပ်သူ ဒေါ်သင်းပျံ့ကြူက သင်တန်းဖွင့်လှစ်ရခြင်းများကို ရှင်းလင်း ပြောကြားကာ ကင်းထောက်အစီအစဉ်မှူးချုပ်က ကင်းထောက်များနှင့် ကင်းထောက် ငယ် သင်တန်းမှူးချုပ်တို့က ကင်းထောက်ငယ်များကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ ကင်းထောက်များက “ကင်းထောက်ဂုဏ်ရည်” တေးသီချင်း၊ ကင်းထောက် ငယ်များက “စွမ်းဆောင်နိုင်တယ် ကင်းထောက်ငယ်” သီချင်းတို့ကို သီဆိုသရုပ်ဖော် ကြသည်။
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်သင်တန်းနှင့် ကင်းထောက်ငယ် သင်တန်း များကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် ဗန်းမော်မြို့ မေတ္တာ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် တပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇူလိုင်လမှစ၍ ကင်းထောက်ငယ် သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် Brainwork TOTAL ကိုယ်ပိုင်ကျောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်ကျောင်း၊ မန္တလေးမြို့ CAE ကိုယ်ပိုင်ကျောင်းများတွင် ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ သိရသည်။
သတင်းစဉ်


