ရန်ကုန်  ၃   နိုဝင်ဘာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့၊ မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်းတွင် အသက် (၆)နှစ်မှ (၁၀)နှစ် အထိ ကင်းထောက်ငယ် (Cub Scout) သင်တန်းနှင့် အသက် (၁၁)နှစ်မှ (၁၇)နှစ်အထိ ကင်းထောက် (Scout) သင်တန်းများကို သင်တန်းသား သင်တန်းသူ ကလေးငယ် (၂၅၀)ဦးဖြင့် အောက်တိုဘာ (၂၆)ရက်မှ (၂၉)ရက်အထိ ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်ငယ် သင်တန်းမှူးချုပ် ဒေါ်သစ်သစ်ဦးနှင့် တက္ကသိုလ်အသီးသီးမှ ရိုဗာ ကင်းထောက်လူငယ် ခေါင်းဆောင် (၁၀)ဦးတို့က သင်ကြားပို့ချ ပေးခဲ့ကြသည်။

 

1

 

ယင်းသင်တန်းများတွင် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က ကင်းထောက် ဖြစ်ပေါ်လာပုံ သမိုင်း၊ ကင်းထောက်လုပ်ငန်း ဆောင်ရွက်မှုများနှင့် ကင်းထောက်ငယ် သင်တန်းမှူးချုပ် ဒေါ်သစ်သစ်ဦးတို့က ကင်းထောက်ငယ်ဆိုင်ရာ ကတိကျင့်ဝတ်များ၊ လှုပ်ရှားမှုများ၊ နိုင်ငံတကာ ကင်းထောက်ငယ် လှုပ်ရှားမှု အတွေ့အကြုံများ လေ့ကျင့်မှုများကို သင်ကြားပို့ချပေးခဲ့ကြသည်။

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်သင်တန်းနှင့် ကင်းထောက်ငယ် သင်တန်းများကို ကချင်ပြည်နယ် ဗန်းမော်မြို့ မေတ္တာ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် တပြိုင်တည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဇူလိုင်လမှစ၍ ကင်းထောက်ငယ် သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် Brainwork TOTAL ကိုယ်ပိုင်ကျောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်ကျောင်း၊ မန္တလေးမြို့ CAE  ကိုယ်ပိုင် ကျောင်းများတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)