မြစ်ကြီးနား ဇူလိုင် ၁

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် အသွားအလာ ကန့်သတ်ထားရှိသည့် Quarantine Centre များနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားရှိသည့် Isolation Centre များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့က ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပါဝင်ကူညီဆောင်ရွက်နေကြသူများအား တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ကြသည်။

 

မြစ်ကြီးနားမြို့ပေါ်ရှိ Quarantine Centre များနှင့် Isolation Centre များကို ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိသည့် သူများအား Quarantine Centre အဖြစ် မြစ်ကြီးနားမြို့ အံ့တော်ရှင် စေတီတော်ဝင်းအတွင်းရှိ သီတဂူစက္ကုဒါနဆေးရုံ၌ ထားရှိဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး Quarantine ဝင်ရောက်နေသူများအား အားပေးစကားပြောကြားကာ နေထိုင်စားသောက်မှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး တာဝန်ကျဝန်ထမ်းနှင့် ကူညီနေသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် မြစ်ကြီးနား ပညာရေးကောလိပ် (၄) ထပ်စာသင်ဆောင်၌ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ (၁၅၀) ဦးအတွက် သီးသန့်ထားနိုင်ရေးအတွက် နေရာထိုင်ခင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကူညီဆောင်ရွက်နေကြသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

 

ထို့နောက် ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားရှိရေး အဆောင်အဖြစ်ထားရှိသည့် သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားစောင့်ကြည့်နေမှု အခြေအနေများ၊ နေထိုင်စားသောက်မှု အခြေအနေများနှင့် ပါဝင်ကူညီဆောင်ရွက်ကြသည့် လူမှုရေးအသင်းအဖွဲ့များ၏ လိုအပ်ချက်များကို မေးမြန်း၍ အားပေးစကား ပြောကြားခဲ့ကြပြီး Centre များတွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် ဝန်ထမ်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

မြစ်ကြီးနားမြို့နယ် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၄၉၇ ဦးရှိပြီး သေဆုံးသူ ၂၀ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၁ ဦးရှိကြောင်းနှင့် ရောဂါပိုးအတည်ပြုလူနာများအား ပြည်သူ့ဆေးရုံကြီးရှိ (၄) ထပ်လူနာဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်းကုသဆောင်များနှင့် မူးယစ်ဆေးရုံတို့ အပါအဝင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့တွင် ထားရှိ၍ စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)