မြစ်ကြီးနား ဇွန် ၂၇
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဆိမ်ဆာ့လမ်း၊ စက်မှုရပ်ကွက် ဗလမင်းထင် ချဉ်းကပ်လမ်းနှင့် ရွှေလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် အရိပ်ရ သစ်ပင်များကို ဇွန် ၂၇ ရက် နံနက် ၈ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အတွက် အရိပ်ရအပင်များကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စီတာပူရပ်ကွက်၊ ဆိမ်ဆာ့လမ်းရှိ ကုန်တင်ကုန်ချကွင်း အနီးလမ်းဘေး ဝဲ/ယာတို့တွင် စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုရပ်ကွက်၊ ဗလမင်းထင် ချဉ်းကပ်လမ်းနှင့် အေးမြသာယာရပ်ကွက်၊ ရွှေလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ချယ်ရီ၊ ခရေ၊ ပုန်းညှက်၊ အာဖရိကန်ကျူးလစ်၊ စက္ကူပန်း၊ ပိတောက်၊ ငုဝါ၊ မန်ဂျန်ရှား၊ ပန်းအိ၊ စိန်တံခြူ၊ အာဆီယံသပြေပင် စသည့် အရိပ်အပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အလားတူ ကချင်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း မြို့တွင်း လမ်းဘေးဝဲ/ယာများနှင့် မြေယာရှုခင်းများတွင် မိုးရာသီ အရိပ်ရသစ်ပင်စုစုပေါင်း ၃၀၀၀၀ ကို စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)


