မြစ်ကြီးနား ၁ ဇွန်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ  ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ  အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း‌ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

sp

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်ကျောင်းသား/ ကျောင်းသူများအား ဆရာ၊ ဆရာမများမှ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သား/သမီးများအတွက် ပညာသင်ကြားခွင့်ရရှိရေးသည် အနာဂတ်တိုင်းပြည်အတွက်နှင့် မိမိတို့ဘဝအတွက်ပါ အရေးကြီးပါကြောင်း၊ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက်ကိုလည်း လုံခြုံရေးဆိုင်ရာအစီအမံများ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း အားပေးပြောကြားခဲ့ပြီး သင်ကြားရေးဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများနှင့် မူလတန်းကလေးငယ်များအား အာဟာရကြေးထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပမ္မတီးရပ်ကွက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား မိဘများနှင့် တွေ့ဆုံအားပေးပြီး ကျောင်းအတွင်း သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောင်းသားတက်ရောက်မှု အခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးစံလုပ်ငန်းလမ်းညွှန်ချက်များနှင့် သင်ကြားနိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

bm

အလားတူ ရေကြည်ကျေးရွာ၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား ကလေးငယ်များအား ပညာသင်ကြားနေမှုအခြေအနေများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်အတူ စာသင်ခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေကြသည့် ဆရာ/ဆရာမများနှင့် သူငယ်တန်းကလေးများအတွက် အဟာရကြေးထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကာ ကျောင်းအတွင်း လိုအပ်သည့် သောက်သုံးရေလုံလောက်မှုရှိစေရေး၊ တိုးချဲ့ကျောင်းဆောင်သစ် ရရှိရေးအတွက် ပြည်နယ်ပညာရေးမှူး၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်ပညာရေးဦးစီးဌာနအနေဖြင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပေါင်း (၁၄၀၀) ကျော် ပြင်ဆင်ဆောင်ရွက်ထားခဲ့ပြီး ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှလည်း ကချင်ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း (၃၇၈)ကျောင်းအတွက် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ရေစနစ်များ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကျပ်သန်း (၁၉၉၈ ဒသမ ၈၅၅၂)သန်း ခွဲဝေရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)