မြစ်ကြီးနား၊ ၁၉ မေ
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနား၊ မဒိန်၊ နောင်တာလော ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများနှင့် မိုင်းနားကျေးရွာ၊ ဒူဝါလဝမ်လီအောက်မေ့ဖွယ်ခန်းမ၌ တွေ့ဆုံပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံရေးပြောင်းလဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေများကို ရှင်းလင်းပြောကြားပြီး ယနေ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်း (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်ပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်သွားမည်ဖြစ်ကြောင်းကို အသိပေးကြေညာထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်သွားရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ယခုကာလအတွင်း မိမိတို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားလျက်ရှိသဖြင့် မိမိတို့နိုင်ငံတွင် မဖြစ်ပေါ်လာစေရေးကို အထူးဂရုစိုက်နေထိုင်ကြစေလိုကြောင်း၊ မကြာမီအချိန်ကာလအတွင်း မိသားစုတိုင်းရှိ သားသမီးတိုင်းအတွက် အရေးပါသည့် ပညာသင်ကြားနိုင်ရေးနှင့် အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို မိဘပြည်သူများအနေဖြင့် မိမိတို့နှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် နေရပ်စွန့်ခွာ စခန်းနေပြည်သူများက ကျေးရွာများအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး၊ မူးယစ်ဆေးဝါးပြဿနာများနှင့် နေရပ်စွန့်ခွာစခန်းနေ ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့မှုများ ဆက်လက်ထောက်ပံ့ပေးနိုင်ရေးတို့ကို တင်ပြကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက တင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရေး ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ငွေများကို မိုင်းနားနှစ်ခြင်းအသင်းတော် ဒူဝါလဝမ်လီအောက်မေ့ဖွယ်ခန်းမအတွက် အလှူငွေကျပ် (၂)သိန်း၊ မိုင်းနားကျေးရွာကျေးရွာ၊ နောင်တာလောကျေးရွာနှင့် မဒိန်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် (၆)သိန်း၊ မိုင်းနားကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း၊ မြို့နယ်ဆရာဝန်ကြီးအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း၊ ဘာသာရေးအသင်းတော်များအတွက် (၂)ခုအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်းနှင့် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ နေရပ်စွန့်ခွာစခန်းများအတွက် ထောက်ပံ့ငွေကျပ် (၄)သိန်းတို့ကို တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုများအပေါ် ကျေးရွာများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေလျာထားဆောင်ရွက်ပေးသွားရေး၊ တင်ပြတောင်းဆိုမှုများအပေါ် ဌာနဆိုင်ရာအသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေး တိုင်းတာ၍ ပြန်လည်တင်ပြသွားရေးတို့ကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)


