မြစ်ကြီးနား၊ ၃ ဖေဖော်ဝါရီ
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌများကို ခန့်အပ်တာဝန်ပေးခဲ့ပါကြောင်း၊ ယခုခန့်အပ်တာဝန်ပေးလိုက်သည့် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် လွှတ်တော်ပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အတွေ့အကြုံရှိသည့် ကချင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ် အေးချမ်းသာယာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကောင်စီဥက္ကဋ္ဌနှင့် လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုလျှင် ကချင်ပြည်နယ်အနေဖြင့် မိမိတို့မျှော်မှန်းထားသည့်အတိုင်း တိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိလာမှာဖြစ်ပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် အပြည့်အဝပံ့ပိုး၍ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိအနေဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်အတွက် ကျရာတာဝန်ကို ထမ်းဆောင်ရာတွင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအားလုံးက ယုံယုံကြည်ကြည်ဖြင့် ဝိုင်းဝန်းလက်တွဲ၍ ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်းဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကောင်စီဥက္ကဋ္ဌအား ပြန်လည်မိတ်ဆက် တင်ပြခဲ့ကြပြီး အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)


