မြစ်ကြီးနား နို၀င်ဘာ ၁၁
ကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကောက်မတီ ဥက္ကဋ္ဌ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်သည် နို၀င်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် တရုတ်နိုင်ငံသားများ နေရပ်ပြန်ရာတွင် တရား၀င် ၀င်ထွက်သွားလာစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ်များအား စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့အတွက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်ခြင်းကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံသားများအနေဖြင့် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင် တရား၀င် စာရင်းပေးသွင်းကာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်း၊ လိုအပ်ပါက ကွာရန်တင်း၀င်ကာ ကျန်းမာရေးထောက်ခံချက်ဖြင့် ပြည်တော်ပြန်စေမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့်လည်း ၎င်းတို့ နိုင်ငံအတွင်းသို့ တရား၀င် ၀င်ရောက်လာသူများကိုသာ စိစစ်လက်ခံစေရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေး၀န်ထမ်းများမှ ကန်ပိုက်တီနယ်စပ်ဂိတ်တွင် ၎င်းတို့၏ နိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ရန်အတွက် လာရောက်မည်ဖြစ်ကြောင်းနှင့် ယင်းအား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ သဘောထားမှတ်ချက်ပြုနိုင်ရေးတို့အား အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ကချင်ပြည်နယ် အစိုးရအဖွဲ့၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းမှ အိမ်နီးချင်း တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအမျိုးမျိုးဖြင့် ၀င်ရောက်ရာတွင် နေရာအတည်တကျထားရှိကာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးနိုင်ရေး၊ တရားမ၀င် ၀င်ထွက်သွားလာနေသူများအား အရေးယူဆောင်ရွက်ရေး ကိစ္စရပ်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၀င် လူမှုရေးရာ၀န်ကြီး ဦး၀င်းရဲထွန်းက တရုတ်နိုင်ငံသားများအနေဖြင့် ကန်ပိုက်တီ နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်ရာတွင် စနစ်တကျ တရား၀င် ၀င်ရောက်နိုင်ရေးတို့အတွက် လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး စာရင်းပေးသွင်းရမည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်မှ တရုတ်နိုင်ငံသားများအား မြစ်ကြီးနားနှင့် ကန်ပိုက်တီ နယ်စပ်ဂိတ်တို့တွင် CPR စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများမှ တရုတ်နိုင်ငံသားများ နေရပ်ပြန်ရာတွင် အဆင်ပြေချောမွေ့စေရန် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းနှင့် ကွာရန်တင်း၀င်ရောက်နိုင်ရေး ကိစ္စရပ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများအတိုင်း ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်နယ်၀န်ကြီးချုပ်က တရုတ်နိုင်ငံသားများ နေရပ်ပြန်ရေးကိစ္စသည် နှစ်နိုင်ငံကိစ္စရပ်ဖြစ်ခြင်းကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများအားလုံး ပူးပေါင်းကူညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများမှလည်း ကူညီဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)


