မြစ်ကြီးနား  ၁၃ မေ

 

ကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကို အလေးထားဆောင်ရွက်ပါကြောင်း၊ ကုသရေးလုပ်ငန်းတွင် လူနာအမှတ်-၁၄၄ တစ်ယောက်သာ ရှိသေးသည့်အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုအောင်မြင်အောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်လတာနီးပါး ကာလအတွင်း ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine ထားရှိသည့် လုပ်ငန်းများအပါအဝင် နေရပ်ပြန်ပြည်သူများအား ဒေသအသီးသီးသို့ ပို့ဆောင်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆပ်ကော်မတီအသီးသီးက လိုအပ်ချက် အခက်အခဲများကို တင်ပြရန်လိုကြောင်း၊ ဒါ့အပြင် ပြည်နယ်အတွင်း ဝင်ရောက်လာသူအားလုံးကို မဖြစ်မနေ Quarantine (၂၁)ရက် ထားနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များအပေါ် လိုက်နာဆောင်ရွက်ရာတွင် Quarantine ထား ထိန်းချုပ်ခြင်းလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက် ကြရန် အထူးအလေးထား တိုက်တွန်းမှာကြားလိုကြောင်း” ပြောကြားသည်။

 

ထို့နောက် ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးနေလင်းထွန်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အတွက် ပြည်နယ်ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့၏ လုပ်ငန်းတာဝန်များအပေါ် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

အစည်းအဝေးတွင် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်များနှင့် ဆပ်ကော်မတီအသီးသီးတို့မှ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘဏ္ဍာငွေသုံးစွဲမှု အခြေအနေနှင့် ပတ်သက်၍ စာရင်းစစ် စစ်ဆေးမှုခံယူနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

 

(ပြည်နယ် ပြန်/ဆက်)