နေပြည်တော်  ၁ မေ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်း များတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၉ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မြို့မနှစ်ခြင်း IDP စခန်းနှင့် လော်ဝေါ် နှစ်ခြင်း IDP စခန်းများသို့သွားရောက်၍ လက်ဆေးစင် (၃)ခု၊ Infrared Thermometer (၂)ခုနှင့်ဗီနိုင်း(၂)ချပ်တို့ကို ထောက်ပံ့ခဲ့သည်။

 

ထို့အတူ ဧပြီ ၃၀ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မူရင်းနှစ်ခြင်း IDP စခန်း၊ လော်ဝေါ်အေဂျီ IDP စခန်းနှင့် လီဆူနှစ်ခြင်း IDP စခန်းများသို့ သွားရောက်၍ လက်ဆေးစင်(၃)ခု၊ Infrared Thermometer (၃)ခု၊ ဗီနိုင်း (၂)ချပ်တို့ကို ထောက်ပံ့ခဲ့သည်။

 

ထို့ပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ အေးလင်းမြတ်ရှင် IDP စခန်းနှင့် မြတ်ပန်းဝတ်မှုံ IDP စခန်းများသို့ သွားရောက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ် တို့ရှိ ကာလိုင်(၁) IDP စခန်း၊ ကာလိုင်(၂) IDP စခန်း၊ ရပ်ကွက်(၃) IDP စခန်း၊ဂျော်(၁) IDP စခန်း၊ ဂျော်(၂) IDP စခန်းနှင့် စိန့်သောမတ် IDP စခန်းများသို့သွားရောက်၍ လက်ဆေးစင်(၆)ခု၊ Infrared Thermometer (၆)ခုတို့ကို ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ အပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင်တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)