မိုးကောင်း ၂၆ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ အခြေခံပညာအထက်တန်းကျောင်း နှစ် (၅၀) ပြည့် ရွှေရတုသဘင်နှင့် RC သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
ကျောင်းဆောင်သစ်(ရွှေရတုဆောင်)ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ ရှမ်းတိုင်ရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံနှင့် ကချင်ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွှဲ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အ.ထ.က-နမ္မတီး၏ နှစ် (၅၀) ပြည့် ကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်ပက်ဖျန်းကာ ရွှေရတုအထိမ်းအမှတ်သစ်ပင် စိုက်ပျိုးသည်။
အဆိုပါကျောင်းဆောင်သစ်သည် အလျားပေ ၁၄၀၊ အနံ ပေ ၃၀ RC သုံးထပ်ဖြစ်ပြီး စာသင်ခန်း စုစုပေါင်း (၁၂)ခန်း ပါဝင်ဖွဲ့စည်းထားသော ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လူမှုရေးဝန်ကြီးတို့က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျောင်းသားဟောင်းများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်ပညာရေးမှူးက ကျောင်းသမိုင်းကို လည်းကောင်း၊ အငြိမ်းစာကျောင်းအုပ်ဆရာကြီး ဦးလှကျော်က နမ္မတီး-အ.ထ.က ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား လည်းကောင်း ရှင်းလင်းပြောကြားပြီးနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရတုဆောင်ဖွင့်လှစ်ပွဲတွင် ဧည့်သည်တော်များအား ကရင်ဒုံးယိမ်းအက၊ ဘင်ခရာနှင့် ပန်းပွားအက၊ ခန္တီးရှမ်းရိုးရာ ကြက်ဖခွပ်အက၊ အေရိုးဗစ်အကအလှများနှင့် ကျောင်းသူများ၏ ကဗျာလွတ်အကများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)