ဖားကန့် ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့သည် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ အနောက်ဘက် စိန်စိန်ကုမ္ပဏီလုပ်ကွက်နှင့် ဂျိတ်ပါဝါ ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူများ၏ မိသားစုဝင်များအား ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီက ဖါးကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ထောက်ပံ့ကြေးများပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းမှ အမှာစကားပြောကြားပြီး ဖားကန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ဆွေးနွေးတင်ပြသည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းမှ မြေပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြသူများ၏ ကျန်ရစ်သူမိသားစုဝင်များအား တစ်ဦးလျှင် ငွေကျပ် (၃)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မြေပြိုကျမှုဖြစ်ပွားရာ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနောက်ဘက် စိန်စိန်ကုမ္ပဏီလုပ်ကွက်နှင့် ဂျိတ်ပါဝါကုမ္ပဏီလုပ်ကွက်အတွင်း အခင်းဖြစ်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

ထိုမှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်က မြေပြိုကျမှုဖြစ်ပွားခဲ့သည့် အေးမြသာယာရပ်ကွက် ရှရော်ခကျေးရွာနှင့် မနကျေးရွာကြားရှိ ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

၀၇၈