နေပြည်တော် ဩဂုတ် ၃၀

 

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး နှင့်ပတ်သက်သည့်အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂၉) အစည်း အဝေးခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရေဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ရေနှင့်ဆက်နွယ်သည့်ဌာနနှင့် အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တက္ကသိုလ်များမှ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ အကုန်နှင့် ဇူလိုင် လဆန်းတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုသည် ရပ်ကွက် ၂၈ ရပ်ကွက်အနက် မြို့တွင်းရပ်ကွက် (၁၀)  ခုမှအပ ကျန်ရပ်ကွက် (၁၈) ခုသည် ရေကြီးနစ်မြုပ်မှုကို ဆိုးရွားစွာထိခိုက်ခံစားခဲ့ရကြောင်း၊ ရေကြီးနစ်မြုပ် မှုကြောင့် မြို့ဧရိယာ၏ ၄၀ ရာခိုင်နှုန်းကျော် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၁၆,၃၄၁ စု၊ လူဦးရေ ၆၈,၇၄၇ ဦးကျော်သည် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရကြောင်း၊၊

 

မြစ်ကြီးနားမြို့၏ ပထဝီဝင်သဘာဝအနေအထားအရ ရေကြီးနစ်မြုပ်မှုအန္တရာယ် ကြုံတွေ့ရလေ့ရှိသော (Flood Prone City) ဖြစ်နေသည့်အတွက် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် အစီအမံများ (Flood Protection Measures) ဦးစားပေးဆောင်ရွက်မှသာ မြို့နေပြည်သူများ ရေဘေးအန္တရာယ်လုံခြုံမှုကို ရရှိ ခံစားနိုင်မည်ဖြစ်ပြီး လူမှုစီးပွားထိခိုက်မှုနှင့် အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးအစီအမံများအပေါ် ရေဘက်ဆိုင်ရာပညာရှင်များနှင့် အခြားဘာသာရပ်ဆိုင်ရာ ပညာရှင်များ အနေဖြင့် မိမိတို့အတွေ့အကြုံနှင့် ပညာရပ်များအပေါ်အခြေခံ၍ ကြိုးစားလေ့လာ သုံးသပ်ဆွေးနွေးခြင်းဖြင့် မြစ်ကြီးနားမြို့ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေး ရေရှည်အစီအမံကောင်းများ၊ နည်းလမ်းကောင်းများ ထွက်ပေါ် ရရှိလာမည်ကို မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းနှင့် ဌာနအလိုက် ဆောင်ရွက် ခဲ့သောလုပ်ငန်းများမြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုကြောင့် ထိခိုက်မှု ရေခဲတောင်အရည်ပျော်ကျမှု အခြေအနေနှင့် မြစ်ကြီးနားမြို့၏ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှု ကာကွယ်ရေးလုပ်ငန်း အစီအမံများနှင့် ဦးစားပေး ဆောင်ရွက် သင့်သည်များကို ရှင်းလင်းတင်ပြရာ အစီအမံများအပေါ် ပညာရှင်များနှင့် တက်ရောက်လာကြသူများက အဖွဲ့များစုဖွဲ့၍ စားပွဲဝိုင်းဆွေးနွေးခြင်း၊ စံနှုန်းအမျိုးမျိုးဖြင့် ဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်ကြပြီး အဖွဲ့အလိုက် ဆွေးနွေးအကြံပြုကြသည်။

 

ယင်းနောက် ပညာရှင်များနှင့် တက်ရောက်လာကြသူများ၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များနှင့် ဆန်းစစ်ချက်များအပေါ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့က ဖြည့်စွက်အကြံပြု သုံးသပ်ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားကာ ဆွေးနွေးပွဲကို  ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

(သတင်းစဉ်)