နေပြည်တော် ၂၁ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရောဘတ်ကျောင်း IDP စခန်းနှင့် နှစ်ခြင်း IDP စခန်းများသို့ သွားရောက်၍ လက်သန့်ဆေးရည် ၁၂၇၈ ဘူး၊ ဆပ်ပြာ ၄၀ဝ၅ ခဲ၊ ထုံးအိတ် ၂၀ အိတ်နှင့် အပူချိန်တိုင်း ကိရိယာ ၁ ခု၊ လက်ဆေးစင် ၁၆ ခု၊ အဝတ် Mask ၈၀၁၀ ခု၊ Hand Speaker (၂)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ခဲ့သည်။
အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ မုံးစီးကာသိုလိပ် ဘုရားကျောင်း IDP စခန်းသို့ သွားရောက်၍ အဝတ် Mask (၉၅၂)ခု၊ လက်သန့်ဆေးရည် (Hand gel) (၁၃၆)ဘူးနှင့် ဗီနိုင်း(၂)ချပ်တို့အား ထောက်ပံ့ခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အောက်သင်ပုန်းတန်း၊ ဖားကြွယ်ဝ ဘုန်းတော်ကြီးကျောင်း၊ အထက်မြက်လှဲဘုန်းတော်ကြီးကျောင်း၊ ဗန်းဗွီးကျေးရွာ စာသင်ကျောင်း၊ ကွမ်းတောင်ကျေးရွာ၊ ခွေးသေကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ခေမာရာမ ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၊ စက်မှုဇုန်တိုက်ပွဲရှောင်စခန်း၊ အမက(မူလွန်-၂)စာသင်ကျောင်း၊ အမက(မူလွန်-၃) စာသင်ကျောင်း၊ စေတီပြင်ကျေးရွာ တိုက်ပွဲရှောင်စခန်းများနှင့် ရသေ့တောင်မြို့နယ်ရှိ တောင်ရင်းတန်း၊ အရှေ့မြောက်၊ အရှေ့တောင်၊ ချောင်းဝ တိုက်ပွဲရှောင်စခန်းများ စုစုပေါင်း တိုက်ပွဲရှောင်စခန်း(၁၇) ခုတို့တွင် လက်သန့်ဆေးရည် ၃၁၇၀ ဘူး၊ ထုံးအိတ် ၁၃၀ အိတ်နှင့် အပူချိန်တိုင်း ကိရိယာ ၁၇ ခု၊ လက်ဆေးစင် ၁၇ ခု၊ Surgical Mask ၄၅၂၄ ခု၊ အဝတ် Mask ၈၇၄၆ ခု၊ Hand Speaker ၁၇ ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင် ထည့်သွင်း ထားသော Memory Stick (၁၇)ခုတို့အား ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေး လုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်