ပူတာအို ၃၀ ဒီဇင်ဘာ
ကချင်ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပူတာအိုခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယနေ့ နံနက်(၁၀)နာရီတွင် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက် ရ၀မ်အမျိုးသားဥယျာဉ် ခါကာဘိုရာဇီခန်းမ၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြီး တောင်သူများထံလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များကို ပေးအပ်သည်။
တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်၀န်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ရည်မှန်းချက်၊ မျှော်မှန်းချက်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခရိုင်လေးခရိုင်လုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ကျန်းမာရေး လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့ပါ ကြောင်း၊
သို့ရာတွင် ပြည်သူများအနေဖြင့် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပါ၀င်ဆောင်ရွက်မှသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ယနေ့တွေ့ဆုံပွဲတွင် ပြည်သူအားလုံးက အကြံပြုတိုက်တွန်းတင်ပြ ပေးစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မိတ်ဆက်အမှာစကားပြော ကြားပြီး ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာခက်အောင်က လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များကို ပူတာအိုမြို့နယ်အတွင်းရှိ တောင်သူ(၁၀၈)ဦး၊ မချမ်းဘောမြို့နယ်အတွင်းရှိ တောင်သူ( ၁၈)ဦးတို့အားတောင်သူ များလက်၀ယ်သို့ပေးအပ်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ဒေသခံပြည်သူများက မြို့နယ်အတွင်း လိုအပ်လျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကြိုးပြင်ကာကွယ် တောကိစ္စရပ်များကို ဆွေးနွေးမေးမြန်းတင်ပြကြရာ ဆွေးနွေးမေးမြန်းချက်များအပေါ် ပြည်နယ်၀န်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ကချင်ပြည်နယ်၀န်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြား သည်။
အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာခက်အောင်၊ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးများ၊ ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပူတာအိုခရိုင်နှင့် ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ရ၀မ်၊ လီဆူ၊ ဂျိမ်းဖော ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများစုစုပေါင်း (၇၅၀) တက်ရောက်ခဲ့ကြောင်းသိရသည်။
ဖုန်ကန်( ပူတာအို)