မြစ်ကြီးနား ဧပြီ ၁၀

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက် ရှင်သန်စေရေးအတွက် ပညာဒါနအဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များသို့ စာအုပ် စာစောင်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအား စာပေလေ့လာဖတ်ရှုမှု အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာစေရန် စာကြည့်တိုက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များမှတစ်ဆင့် သမိုင်းဆိုင်ရာများ၊ ဘာသာရပ်ပိုင်းဆိုင်ရာများ၊ လူမှုအသိုင်းအဝိုင်းဆိုင်ရာများ၊ ဗဟုသုတများကို ပေးစွမ်းနိုင်သည့်အတွက် စာကြည့်တိုက်များတွင် စာကောင်းပေမွန်များ ပြည့်စုံအောင်ထားရှိရန် လိုအပ်သကဲ့သို့ စာဖတ်သူများ လွယ်ကူစွာ လေ့လာနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ နိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တစ်ပြိုင်နက်တည်း စာအုပ်လှူဒါန်းပွဲများကို ကျင်းပရခြင်းသည် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေသည့်ပွဲများပင် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ/ မိမိတို့ ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များစွာရှိပြီး လက်ရှိ ရှင်သန်လှုပ်ရှားနေသည့် စာကြည့်တိုက်များမှ စာဖတ်ပရိတ်သတ်များဆီသို့ စာအုပ်များရောက်ရှိသွားအောင် ဆောင်ရွက်ပေးနိုင်ခြင်းသည် မွန်မြတ်သည့်ဒါနတစ်ခု ဖြစ်ပါကြောင်း၊ နောင်များတွင်လည်း စာပေအလှူဒါနဖြင့် ဝိုင်းဝန်းပါဝင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်များနှင့် အလှူငွေများကို ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းရာ ပြည်နယ်အစိုးရအဖွဲ့က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များအတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့် ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် ပြည်နယ်ပြည်နယ် တရားလွှတ်တော်တရားရုံး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်(၆)ခရိုင်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ မြစ်ကြီးနားတက္ကသိုလ်၊ စာရေးဆရာများနှင့် အလှူရှင်များက စုစုပေါင်းငွေကျပ် (၁၂၅) သိန်းကျော်နှင့် သုတရသ စာအုပ်စာစောင်ပေါင်း (၁၀၀၈)အုပ်ကို အသီးသီးပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဒါန်းလက်ခံရရှိသည့် သုတရသစာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)