မြစ်ကြီးနား     ဧပြီ    ၈

 

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်အတွင်း   တာဝန်ထမ်းဆောင်လျက်ရှိသော  ဌာန ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား မဟာသင်္ကြန်ပွဲတော်ကာလနှင့်   မြန်မာနှစ်သစ်ကူးအခါသမယ၌ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ စုပေါင်းဒုလ္လဘရဟန်းခံနှင့်  သီလရှင်ဝတ်ပွဲ  မင်္ဂလာအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ကျောင်းထိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် သိမ်ဆင်းဒုလ္လဘရဟန်းများအား သိမ်ဆင်းလောင်းလှူပူဇော်ရာ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ဆရာတော် ပြည်နယ်သံဃနာယက အကျိုးတော်ဆောင်  အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ကေတုမာလာ အမှူးပြုသော ဆရာတော်၊သံဃာတော်များ၊ သိမ်ဆင်း ရဟန်း သံဃာများနှင့်  သီလရှင်များအား ပြည်နယ်ဝန်ကြီးချုပ်   ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ များ၊ ဒုလ္လဘရဟန်းခံပုဂ္ဂိုလ်များ၏ မိသားစုဝင်များက လှူဖွယ်ပစ္စည်းများ လောင်းလှူ ပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက   ဆရာတော်၊   သံဃာတော်များနှင့် ဒုလ္လဘရဟန်း များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက်       ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် စုပေါင်းဒုလ္လဘရဟန်းခံနှင့် သီလရှင် ဝတ်ပွဲ  အလှူတော်မင်္ဂလာတရားတော်  နာယူပွဲ အခမ်းအနားကို     ဆက်လက်ကျင်းပရာ တက်ရောက်လာ သူများက  ဆရာတော်၊  သံဃာတော်များထံမှ  ကိုးပါးသီလ   ခံယူဆောက်တည်ကြကာ   ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သာသနာရေး ဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

 

ဆက်လက်၍  ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပရိတ်တရားတော်များ နာယူကြကာ လှူဒါန်းမှုအစုစု တို့အတွက်   ရေစက်သွန်းချ   အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို  ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု  သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)