ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော လေ့လာရေးအဖွဲ့စမ်းဝတီသဘာဝမြေဩဇာစက်ရုံနှင့် သစ်သီးဝလံတန်ဖိုးမြှင့်ထုတ်လုပ်ရေးစက်ရုံများသို့ လာရောက်လေ့လာ

နေပြည်တော် အောက်တိုဘာ ၁၃

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဦးဆောင်သော လေ့လာရေးအဖွဲ့ဝင်များသည်  ယနေ့နံနက်ပိုင်းက စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းနှင့် ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော စမ်းဝတီသဘာဝမြေဩဇာစက်ရုံသို့ လာရောက်လေ့လာကြသည်။

အဆိုပါအဖွဲ့ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်သူရတို့က သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ်က အင်းလေးကန်အတွင်းမှ ဗေဒါမြေဆွေးများအသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ် နေမှု၊ ရပ်စောက်မြို့နယ် စွမ်းထက်သမဝါယမအသင်းက ကြက်ချေးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နေမှုများသို့ ထောက်ပံ့ပေးနေမှုများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နေပြည်တော်သို့ လာရောက်လေ့လာရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌ၊ ဦးမျိုးထက်ဝင်းနှင့် အသင်းအဖွဲ့ဝင် ဦးနိုင်အောင်တို့က သဘာဝမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်ကို    ရှင်းလင်းတင်ပြ ရာ  တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းပြီး လေ့လာရေးအဖွဲ့ဝင်များသည်  သဘာဝမြေဩဇာစက်ရုံမှ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစု၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့သွားရောက်၍ တိရိစ္ဆာန်အစားအစာ ပြောင်းချဉ်ဖတ်၊ မြက်ချဉ်ဖတ် ထုတ်လုပ်နေမှုများကိုလည်းကောင်း၊  ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစု၏ ပြောင်းချဉ်ဖတ် ထုတ်ရေးကိုလည်းကောင်း ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ လေ့လာရေး အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်သို့ သွားရောက်ကာ ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများအား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ် နိုင်ရန်နှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေး နိုင်ရေး ဆောင်ရွက် နေသော မြန်မာရွှေ သစ်သီးဝလံကုမ္ပဏီ လိမိတက် (Myanmar Golden Produce Co.,ltd) ပိုင် သစ်သီးဝလံများ တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်သည့် စက်ရုံသို့ရောက်ရှိကာ စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေပုံ အဆင့်ဆင့်အား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်သည့် စက်ရုံမှ သရက်သီး၊ သရက်ပြင်၊ သရက် နံပြင်၊ သရက်မန်းကျည်းဂျယ်လီ၊ သရက်ပင်မှည့်ဂျယ်လီ၊ သရက်သီးအနှစ် စသည်ဖြင့် (၇) မျိုးခန့် Value Added ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ဆလိုဗက်ကီးယားနိုင်ငံ၊ ဒူဘိုင်းနိုင်ငံ၊ တူရကီနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ ပေးပို့လျက်ရှိကြောင်း သိရှိရသည်။ 

(သတင်းစဉ်)