မြစ်ကြီးနား၊ ၆ ဇန်နဝါရီ
နိုင်ငံအဝန်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆင်ရေးခေါင်းစဉ် အမျိုးမျိုးဖြင့် စီမံချက်ချဖမ်းဆီးဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုများတွင် ၂၀၂၀ ပြည့်နှစ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးတန်ဖိုးမှာ ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးတန်ဖိုးထက် နှစ်ဆကျော် မြင့်တက်ကျော်လွန် ဖမ်းဆီးရမိခဲ့ကြောင်း ကချင်ပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး မြင့်ကြည်ထံမှ သိရသည်။
“ကချင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ မူးယစ်ဆေးဝါးမှုပေါင်း(၂၁၁၇)မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ် ဆေးဝါးမှုနဲ့ ဆက်နွှယ်တဲ့ အမျိုးသား(၂၄၄၇)ဦး၊ အမျိုးသမီး(၃၇၇)ဦးနဲ့ မူးယစ်ဆေးဝါးမျိုးစုံ တန်ဖိုးကတော့ ကျပ်သိန်းပေါင်း (၉၂၆၇၈)ကျော်ဖိုး ဖမ်းဆီးရမိခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်မှာတော့ မူးယစ်ဆေးဝါးမှုပေါင်း (၁၉၉၆)မှုနဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်သူ အမျိုးသား(၂၂၂၅)ဦး၊ အမျိုးသမီး (၄၅၀)၊ မူးယစ်ဆေးဝါးမျိုးစုံတန်ဖိုးငွေကျပ်သိန်းပေါင်း (၃၀၇၂၂၀)ကျော်ဖိုး ဖော်ထုတ် ဖမ်းဆီးရမိခဲ့ တာပါ။ ဖမ်းဆီးရမိတဲ့ အမှုအရေအတွက် နည်းခဲ့ပြီး တန်ဖိုးနှစ်ဆကျော်မြင့်တက်တဲ့ မူးယစ်ဆေးဝါး တွေကို ဖမ်းဆီးနိုင်ခဲ့တာပါ”ဟု ယာယီရဲမှူးကြီးမြင့်ကြည်က ပြောပြသည်။
အလားတူ ကချင်ပြည်နယ်အတွင်း အမှုကြီး(၁၀)မျိုး ဖြစ်ပွားမှုတွင်လည်း ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွား ခဲ့သည့် လူသတ်မှု(၅၃)မှု၊ ဓားပြမှု (၁)မှု၊ လုယက်မှု(၇)မှု၊ မုဒိန်းမှု(၂၁)မှု၊ ဖောက်ထွင်းမှု(၁)မှု၊ တိရစ္ဆာန်ခိုးမှု (၂)မှုနှင့် မတရားအသင်း(၈)မှု စုစုပေါင်း(၉၃)မှုသာ ဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် လူသတ်မှု (၅၂)မှု၊ ပြန်ပေးမှု(၁)မှု၊ လုယက်မှု(၁)မှု၊ မုဒိန်းမှု(၅၀)၊ ဖောက်ထွင်းမှု(၃)မှု၊ တိရစ္ဆာန်ခိုးမှု(၄)မှု၊ မတရားအသင်း (၁၄)မှုအထိ ဖြစ်ပွားခြင်းကြောင့် စုစုပေါင်း အမှုကြီး(၁၀)မျိုး ဖြစ်ပွားမှု(၁၂၅)မှုအထိ ဖြစ်ပွားခဲ့ကာ အမှုကြီး(၁၀)မျိုးဖြစ်ပွားမှုတွင် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၉ ခုနှစ်ထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)