မိုးညှင်း   ၂၈ နိုဝင်ဘာ

 

ကချင်ပြည်နယ် အတွင်း အသားတင်စိုက်ပျိုးမြေဧကပေါင်း (၈)သိန်းကျော်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)ထုတ်ပေးနိုင်မှုမှာ ၆၁ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက မိုးညှင်းမြို့၊ စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော မိုးညှင်းခရိုင်အတွင်းရှိ တောင်သူများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)များ ပေးအပ်ပွဲတွင် ပြည်နယ် ဝန်ကြီးက ပြောကြားလိုက်သည်။

 

22222222222222222

 

ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက “ယခုလို ပုံစံ (၇)ထုတ်ပေးနိုင်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ ဒီစီမံချက်ဟာ ရပ်တန့်သွားမှာ မဟုတ်သလို ယခုစီမံချက်အတိုင်းဆိုလျှင် ပုံစံ(၇)များကို (၇၀)ရာခိုင်နှုန်းအထိ ထုတ်ပေး နိုင်ဖို့ မျှော်မှန်းပါတယ်၊ စီမံချက်ကာလမှာ တောင်သူဦးရေပေါင်း ၁၂၀ဝ၀ အတွက် မြေဧကပေါင်း ၄၇၀ဝ၀ ကျော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု တောင်သူများထံ အသိပေးပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)များကို ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လူမှုရေးဝန်ကြီးဦးနေဝင်းနှင့် တာဝန်ရှိသူများက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာ၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာနှင့် ဖားကန့်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃ ရွာမှ ကွင်းပေါင်း ၁၃၆ ကွင်း၊ တောင်သူပေါင်း ၉၈၅ ဦးတို့အတွက် ဧရိယာပေါင်း ၉၅၀ဝ ဒသမ ၄၉ ဧကကို သက်ဆိုင်ရာတောင်သူများထံ ထုတ်ပေးခဲ့ကြသည်။

 

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေးရေးအတွက် လျှောက်ထား လာသည့် တောင်သူများအား နစ်နာမှုမရှိစေရေးအတွက် မြေတိုင်းစရိတ်အဖြစ် ပြည်နယ် အစိုးရ အဖွဲ့ရန်ပုံငွေမှ ငွေကျပ် စုစုပေါင်း ၁၈၃ သန်းကို ကျခံသုံးစွဲပေးခဲ့ကြောင်းနှင့် ထပ်မံ၍ စီမံချက်များ ရေးဆွဲပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးသွားရန် စီမံဆောင်ရွက်ထားကြောင်း သိရှိရသည်။

 

မျိုးမြင့်စိုး(ပြည်နယ် ပြန်/ဆက်)