ကချင်ပြည်နယ်အတွင်း COVID-19 Quarantine လုပ်ထားသူများအား ထုတ်ပြန်ထားသည့် အမိန့် လိုက်နာခြင်းမရှိပါက အရေးယူမည်

မြစ်ကြီးနား    ၃၁    မတ်  

Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် သွားလာမှုကန့်သတ်ထားသူ များအနေဖြင့် သတ်မှတ်ကာလအတွင်းထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအပေါ် လိုက်နာ ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ပြည်နယ်အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရေး၊ ပြည်ပနိုင်ငံအသီးသီးမှ ပြည်နယ်အတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများအား အသွား အလာကန့်သတ်ထိန်းချုပ်ထားသည့် Quarantine ပြုလုပ်စဉ်ကာလအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာမှုမရှိစေရေး ဂရုတစိုက်စောင့်ကြပ်ကြည့်ရှုသွားကြရန်နှင့် လိုက်နာခြင်းမရှိပါက ထုတ်ပြန် ထားသည့် ဒေသန္တရအမိန့်နှင့်အညီ အရေးယူဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လတ်တလောကာလအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ခရိုင်၊ မြို့နယ်များအလိုက် ထိန်းချုပ်ကန့်သတ်သည့် လုပ်ငန်းများအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာ-တရုတ်(၂)နိုင်ငံအကြား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးဆိုင်ရာ မြို့နယ်အဆင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအပါအဝင် ကျေးလက်ဈေး၊ ညနေပိုင်းဈေးများကို အချိန်ပိုင်းနှင့် ဖွင့်လှစ်ရောင်းချစေရေးနှင့် စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်တစ်ပြေးညီရောင်းချရေးကိစ္စရပ်များ၊ လူစုလူဝေးဖြစ်စေသည့် အလှူ၊ မင်္ဂလာဆောင်များ၊ ရှင်ပြုပွဲများအပါအဝင် လူမှုရေးပွဲလမ်းများကို ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်း မရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်သွားရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းအတွက် ခရိုင်၊ မြို့နယ်များအလိုက် ဒေသန္တရအမိန့်များ ထုတ်ပြန်ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများပူးပေါင်းပါဝင်ရေးအတွက် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ၊ ပြည်ပမှ ပြည်လည်ရောက်ရှိလာသူများအား Facility Quarantine ပြုလုပ်ထိန်းချုပ် နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်နှင့် မြို့များအလိုက် နေရာထိုင်ခင်းနှင့် အကျွေးအမွေး အစီအမံများကို စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။

(ပြည်နယ်ပြန်/ဆက်)