မြစ်ကြီးနား၊ ၁၃ ဇန်နဝါရီ
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီအထိ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ အတည်ပြုလူနာ (၇၀၃)ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း Covdi-19 ရောဂါပိုးတွေ့ရှိမှုမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်အထိ (၂၁၇)ဦးဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် (၆၂၀)၊ ဇန်နဝါရီ ၁ ရက်တွင် (၆၂၆)ဦး စသည်ဖြင့် ရောဂါဖြစ်ပွားမှု မြင့်တက်လာခဲ့ရာ ဇန်နဝါရီ ၁၂ ရက်တွင် (၇၀၃)ဦးအထိ မြင့်တက်လာခဲ့ပြီး ရောဂါ ပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိသူ (၆၃၅)ဦးနှင့် ဆေးကုသမှု ခံယူနေသူ(၆၇)ဦး၊ သေဆုံးသူ(၁)ဦး ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အတွင်း ရောဂါပိုးတွေ့ရှိမှုများတွင် ရောဂါပိုးတွေ့ရှိသူနှင့် ဆက်စပ်၍ ထိစပ်သူများ ကချင်ပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်မှ ဝင်ရောက်လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ အနံ့ပျောက် သံသယရှိသူများ ပါဝင်ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ထပ်တိုးလူနာ စာရင်းများမှ ဖားကန့်မြို့တွင်(၆)ဦး မြစ်ကြီးနားမြို့တွင် (၂)ဦး၊ မိုးညှင်းမြို့နှင့် မိုးကောင်းမြို့တို့တွင် (၁)ဦးစီ စုစုပေါင်း (၁၀)ဦးဖြစ်ကာ ၎င်းတို့အနက် ဖားကန့်မြို့နယ်မှ အသက်(၂)နှစ်အရွယ် ကလေးငယ် တစ်ဦးပါဝင်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ ပြည်သူများအနေဖြင့် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စည်းကမ်းချက်များကို အလေးထားလိုက်နာကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းတွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)


