မြစ်ကြီးနား စက်တင်ဘာ ၂၉
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့ရသည့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း ဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အတွက် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပုံမှန်အတိုင်းပြန်လည် စတင်နိုင်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နယ်စပ်ကုန်စည် စီးဆင်းနိုင်ရေးအတွက် ကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒေါက်တာမျိုးထွန်း၊ ကန်ပိုက်တီမြို့ အုပ်ချုပ်ရေးမှူး၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းနှင့် သီးနှံထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများနှင့် ကုန်စည်ပြန်လည် စီးဆင်းနိုင်ရေးအတွက် ကုန်တင်ယာဉ် စစ်ဆေးဆောင်ရွက်မှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်ခွဲအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီနယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ၎င်းတို့နှင့် ဆက်စပ်သူများအားလုံးကို အမြန်ဆုံး လွှမ်းခြုံထိုးနှံပေးနိုင်ရေးနှင့် ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စနစ်တကျဖြင့် အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးရန် ကိစ္စရပ်များနှင့် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးအတွက် လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)