မြစ်ကြီးနား   အောက်တိုဘာ   ၅

 

ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ-တရုတ် ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ လွယ်ကူမြန်ဆန်စွာ စနစ်တကျ ဆောင်ရွက် သွားနိုင်ရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝ ရရှိစေရေး လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

           

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က "မိမိတို့ပြည်နယ်၏ စိုက်ပျိုးရေး ထုတ်ကုန်များအတွက် နယ်စပ်ကုန်စည်စီးဆင်းမှုသည် အဓိကဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စီးဆင်းနိုင်မှသာလျှင် စိုက်ပျိုးရေး ထုတ်ကုန်များ သာမက စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူများအားလုံးကို များစွာ အထောက်အကူ  ပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်စည် စီးဆင်းမှုများ ပုံမှန်အတိုင်း ပြန်လည် စီးဆင်းနိုင်‌ရေး၊ စနစ်တကျဖြင့် စီမံအုပ်ချုပ်မှုများ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း" ပြောကြားသည်။   

 

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ကော်မတီအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ကုန်သွယ်မှုလုပ်ငန်းနှင့် အုပ်ချုပ်ကြီးကြပ်မှု လုပ်ငန်းတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးခရိုင် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရေး တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဆောင်ရွက်ပေးပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်အတွင်း ပါဝင်ပတ်သက်သူ များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပြီးစီးရေး၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအတွက် မိမိနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်ကြရေးနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အမြန်ဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင် ရွက်ပေးခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)