မြစ်ကြီးနား ၃ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများကို အောက်တိုဘာ ၁ ရက်တွင် စတင်ကပ်ထားကြေညာပြီဖြစ်ရာ ကချင်ပြည်နယ်အတွင်း မဲဆန္ဒရှင်ဦးရေသည် ပထမအကြိမ်မဲစာရင်းထက် ၁၀၀၀၀ ကျော် တိုးလာခဲ့သဖြင့် မဲဆန္ဒရှင် ၁၁ သိန်းနီးပါးရှိလာပြီး မဲရုံပေါင်း ၉၀၀ ကျော်ဖြင့် လျာထားဆောင်ရွက် လျက်ရှိကြောင်း ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ကချင်ပြည်နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို မဲဆန္ဒရှင် ဦးရေ ၁၀၈၅၀၈၁ ဦးဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီး မဲရုံအရေအတွက် ၈၉၀ ဖြင့် လျာထားဆောင်ရွက်ခဲ့သော်လည်း ဒုတိယအကြိမ် မဲစာရင်းအတွက် ကော်မရှင် အဖွဲ့ခွဲအနေဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ခြင်းလုပ်ငန်းများ စိစစ်ပြီးစီးသည့်အချိန်အထိ လူဦးရေ ၁၀၀၀၀ ကျော် တိုးလာခဲ့သဖြင့် မဲဆန္ဒရှင်ဦးရေ ၁၀၉၆၇၀၁ ဦး ရှိလာကာ ၁၁ သိန်းနီးပါး ရှိလာခဲ့ကြောင်းနှင့် မဲရုံအရေအတွက်ကို လူဦးရေ၃၀၀၀ အထက် မဲရုံများနှင့် အလှမ်းဝေးကွာသည့် မဲရုံများကို ခွဲထုတ်ပေးခြင်းဖြင့် ပြည်နယ်အတွင်း မဲရုံပေါင်း ၉၁၈ ရုံဖြင့် လျာထားဆောင်ရွက်ထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်က ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင် လူဦးရေ ၁၀၈၅၀၈၁ ဦးဖြင့် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ထုတ်ပြန်ကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ ၃၈၆၃၄၄ ဖြင့် လာရောက်ကြည့်ရှုခဲ့ကြပြီး ပုံစံ (၃) ဖြင့် တောင်းဆိုသူ ၃၂၅၈၉ ဦး၊ ပုံစံ (၄)ဖြင့် ပယ်ဖျက်သူ ၁၈၄၅၆ ဦး၊ ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်သူ ၂၀၀၆ ဦးရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ စာရင်းအရ ပြည်သူ့လွှတ်တော်တွင် ၁၁၉ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၈၇ ဦး၊ ပြည်နယ်လွှတ်တော် ၂၄၅ ဦး တို့နှင့် ဗမာတိုင်းရင်းသားကိုယ်စားလှယ် ခုနစ်ဦး၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်ရှစ်ဦး၊ လီဆူတိုင်းရင်းသား ကိုယ်စားလှယ် ရှစ်ဦး၊ ရဝမ်တိုင်းရင်းသားကိုယ်စားလှယ် ခြောက်ဦးတို့ဖြင့် စုစုပေါင်း ၄၈၀ တို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်စိုး (ပြန်/ဆက်)