မြစ်ကြီးနား ၂၃ ဇူလိုင်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနမှ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအတွက် တိုင်းရင်းသား ဘာသာဖြင့်ထုတ်ဝေသည့် ပုံပြ၊ ပုံပြင်စာအုပ်များကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များထံ ဖြန့်ဝေပေးအပ်ခဲ့သည်။
ပုံပြ၊ ပုံပြင်စာအုပ်များပေးအပ်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက တိုင်းရင်းသားလူငယ်များ စာပေသင်ကြားရာတွင် သင်ယူတက်မြောက်မှု လွယ်ကူစေရန် ယခုကဲ့သို့ ပုံပြ၊ ပုံပြင်စာအုပ်များ ပေးအပ်နိုင်သည့်အတွက် တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီ၏ စာပေဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ပုံပြ၊ ပုံပြင်စာအုပ်များပေးအပ်ရခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသားစားပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များထံ ပေးအပ်သည့်အခမ်းအနားဖြစ်ပါကြောင်း၊ ယခုလို တိုင်းရင်းသားပုံပြ၊ ပုံပြင် စာအုပ်များ ပုံနှိပ်ပေးအပ်ခြင်းအားဖြင့် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ စာပေများအား လွတ်လပ်စွာသင်ကြားခွင့်နှင့် ကလေးများစိတ်ပါဝင်စားမှုရှိစေရန် ထုတ်ဝေထားသည့် စာအုပ်များဖြစ်၍ ကျောင်းနေအရွယ်ကလေး များသည် မိမိတို့၏ ဘာသာစကားများအပေါ် ပိုမိုစိတ်ဝင်စားစွာ သင်ယူလေ့လာနိုင်ပြီး တိုင်းရင်းသားများ၏ ဘာသာစကားစာပေများကို တန်ဘိုးထား လေးစားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းမှာရှိသည့် ကချင် (၆)မျိုး၊ ရှမ်း (၅)မျိုးနှင့် ဗမာစသည့် တိုင်းရင်းသားများဖြင့် အဓိကနေထိုင် လျက်ရှိပြီး၊ လက်ရှိတွင် တိုင်းရင်းသားဘာသာ မြန်မာဘာသာ (၂)မျိုးဖြင့်ပြုစုထားသော တိုင်းရင်းသား ပုံပြ၊ ပုံပြင် စာအုပ်စုစုပေါင်း (၂၃၇၄၆)အုပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့များထံ ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင်လည်း ဆက်လက်ပေးအပ်သွားမှာဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တွင်လည်း အလားတူပေးအပ်ခဲ့ပြီးဖြစ်ကြောင်းပြော ကြားသည်။
အဆိုပါ ပုံပြ၊ ပုံပြင်စာအုပ်များကို ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ပြည်နယ်ပညာရေး မှူး၊ ယူနီဆက် မြန်မာမှ တာဝန်ရှိသူတို့က တိုင်းရင်းသားဘာသာ၊ မြန်မာဘာသာ (၂)မျိုးဖြင့် ပြုစုထားသော တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်စုစုပေါင်း (၂၃၇၄၆)အုပ်ကို ဘာသာရပ်အလိုက် သက်ဆိုင်ရာ စာပေနှင့် ယဉ်ကျေး မှုကော်မတီ (၁၀)ခုတို့ထံ အသီးသီးဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ စာအုပ်များတွင် တိုင်းရင်းသားဘာသာ မြန်မာဘာသာ (၂)မျိုးဖြင့် ပြုစုထားခြင်းဖြစ်ပြီး ယနေ့ ပေးအပ်ခဲ့သည့် စာအုပ်များမှာ ဇိုင်ဝါး (၄၈) အုပ်၊ လာချိဒ် (၁၄၇၀) ၊ ရဝမ် (၃၆၀ဝ)၊ ဂျိန်းဖော့ (၄၈၀ဝ)၊ လီဆူ (၂၁၀ဝ)၊ လော်ဝေါ်(၃၁၂၀)၊ တိုင်းလေ (၂၈၀၈)၊ တိုင်းခမ်းတီ (၁၀၈၀)၊ တိုင်းလိုင် (၃၈၄၀) တို့အပြင် မြန်မာ ဘာသာဖြင့် (၄၄၈)အုပ်တို့ကိုပေးအပ်ခဲ့ကြပြီး ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များကိုယ်စား ဒေါ်ခင်ပြုံးရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)


